တစ်ကမ္ဘာလုံးရဲ့ ၉၀ ရာခိုင်နှုန်း စီးပွားရေးနှေးကွေးနေလို့ IMF သတိပေး

တစ်ကမ္ဘာလုံးရဲ့ ၉၀ ရာခိုင်နှုန်း စီးပွားရေးနှေးကွေးနေလို့ IMF သတိပေး

၀ါရှင်တန်၊ အောက်တိုဘာ ၉ ။       ။ တစ်ကမ္ဘာလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ၂၀၁၉ မှာ စီးပွားရေး နှေးကွေးနေကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဥက္ကဌသစ် ခရစ္စတာလီနာဂျော့ဂျီဗာက အင်္ဂါနေ့မှာ သတိပေး ပြောဆိုပါတယ်။

နိုင်ငံစုံအဖွဲ့ကြီးဖြစ်တဲ့ IMF ရဲ့ ဦးဆောင်နေရာကို ဆက်ခံရာ ပထမဆုံးမိန့်ခွန်းပြောဆိုမှုမှာ IMF ဥက္ကဌသစ် ဂျော့ဂျီဗာက အခုလို ပြောပါတယ်။

“၂၀၁၉ မှာ ကမ္ဘာရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး စီးပွားရေး နှေးကွေးနေတယ်လို့ ကျွန်မတို့ ခန့်မှန်းရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးက လက်ရှိမှာ တစ်ပြိုင်နက်တည်း နှေးကွေးမှု ဖြစ်နေတယ်။”လို့ ဝါရှင်တန်က IMF ရုံးချုပ်မှာ ဂျော့ဂျီဗာက ပြောပါတယ်။

“စီးပွားရေးအရှိန် အားလျော့လာတာကြောင့် အခုနှစ်ရဲ့ ဖွံ့ဖြိုးနှုန်းဟာ ဒီ ဆယ်စုနှစ် စတင်ချိန် နောက်ပိုင်းမှာ အဆိုးဝါးဆုံး နှေးကွေးတဲ့ နှုန်းထားအထိ ကျဆင်းလိမ့်မယ်။”လို့ ဘူလ်ဂေးရီးယား နိုင်ငံသူ စီးပွားရေးပညာရှင် ဂျော့ဂျီဗာက ပြောပါတယ်။

IMF ဥက္ကဌသစ် ဂျော့ဂျီဗာဟာ ခရစ္စတင်းလာဂတ်နေရာမှာ ရာထူးဆက်ခံခဲ့သူဖြစ်ပြီး ခရစ္စတင်းလာဂတ်ဟာ ဥရောပဗဟိုဘဏ် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရှိနေပါတယ်။

ဥက္ကဌသစ် ဂျော့ဂျီဗာရဲ့ ခုလို မိန့်ခွန်းပြောဆိုမှုဟာ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် ပူးတွဲအစည်းအဝေး ကျင်းပဖို့ တစ်ပတ်အလိုမှာ ဖြစ်ပါတယ်။

နိုင်ငံစုံက ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ စီးပွားရေးဝန်ကြီးတွေ စုံညီတက်ရောက်ကြမယ့် အဲဒီ အစည်းအဝေးမှာ IMF နဲ့ ကမ္ဘာ့ဘဏ်တို့က ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းစဉ်စီမံချက်ေတွနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြကြမှာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly