အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကောင်းလိုဟု တရုတ်ကာကွယ်ရေးဝန်ကြီးဆို

အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကောင်းလိုဟု တရုတ်ကာကွယ်ရေးဝန်ကြီးဆို

ပေကျင်း၊ အောက်တိုဘာ ၁၆ ။            ။ တရုတ်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၆က အရှေ့တောင်အာရှကာကွယ်ရေးဝန်ကြီးများကို ပြေရာပြေကြောင်း လေသံပစ်ခဲ့ပြီး လူမှုမီဒီယာများကို အသုံးပြုနေသည့် နိုင်ငံခြားအင်အားစုများ၏ လှုံဆော်မှုအပါအဝင် ခြိမ်းခြောက်မှုများကို ဆန့်ကျင်လျက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အားလုံးက ကြိုးကြိုးစားစားဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းကပြောသည်။

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့ အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေးမှာ အငြင်းပွားတောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုအပေါ် ပေကျင်း၏ အယုံကြည်ကဲသည့် ပြောဆိုချက်ကြောင့် ဆက်ဆံရေးတင်းမာလျက်ရှိသည်။

ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ဘရူနိုင်းနိုင်ငံတို့နှင့် အငြင်းပွားနေသည်။ ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့်   တောင်တရုတ်ပင်လယ်ကို နှစ်စဉ်ဖြတ်သန်းလျက်ရှိသည်။

အားလုံးအနေဖြင့် မှန်ကန်သော ဆက်ဆံရေးဖွံံ့ဖြိုးမှုအတွက် တွန်းအားပေးလုပ်ဆောင်ရန် လိုအပ်သည်ဟု ပေကျင်းတွင်ပြုလုပ်သော အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ၏ အစတွင် တရုတ်ကာကွယ်ရေး ဝန်ကြီး ချန်ဝန်ကွန်က အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများကို ပြောကြားခဲ့သည်။ အကြီးမားဆုံးဘုံလိုအပ်ချက်မှာ တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်ဟု ချန်ကဆိုသည်။

"လောလောဆယ် ဒေသတွင်းအခြေအနေက ယေဘုယျအားဖြင့် တည်ငြိမ်ပါတယ်။ ဒါပေမဲ့ကျနေတဲ့စီးပွားရေးရဲ့ဖိအားတွေရှိနေသလို အစဉ်အလာမဟုတ်တဲ့ လုံခြုံရေးစိန်ခေါ်မှု   တွေလည်း မြင့်မားနေပါတယ်"ဟု အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုကို ရည်ညွှန်းလျက်ပြောကြားခဲ့သည်။

"ဒေသတွင်းပြင်ပက အင်အားစုတွေဟာ အင်တာနက်၊ လူမှုမီဒီယာနဲ့ အခြားနည်းလမ်းတွေသုံးပြီး ဒီဒေသတွင်းက နိုင်ငံတွေကို ဆန့်ကျင်လှုံ့ဆော်မှုတွေ၊ လူမှုတည်ငြိမ်မှုတွေကို ခြိမ်းခြောက်တာတွေ လုပ်နေပါတယ်"ဟုလည်းချန်က အကျယ်မချဲ့ဘဲ ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ၎င်း၏ အနောက်ဖက်စွန်းတွင် အစ္စလာမ္မစ်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပြီး ၎င်းစစ်သွေးကြွများသည် အင်တာနက်ကို အသုံးပြုကာ ဝါဒဖြန့်ချိနေပြီး တရုတ်ပြင်ပရှိ အုပ်စုများနှင့်ချိတ်ဆက်၍ တိုက်ခိုက်မှုများပြုလုပ်ရန် အားပေးအားမြောက်လုပ်နေသည်ဟု တရုတ်ကဆိုသည်။

ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန် အတွက် အာဆီယံနှင့်အတူဆောင်ရွက်ရန် တရုတ်က ဆန္ဒရှိနေသည်ဟု ချန်ကပြောသည်။ သတင်းထောက်များမှာ ၎င်း၏အဖွင့်မှတ်ချက်စကားများ၏ ပထမမိနစ်အနည်းငယ်သာ နားထောင်ခွင့်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly