ရလဒ် ပြောင်းသွားနိုင်တဲ့ ပယ်မဲ ဘယ်လို ကြိုတင် ကာကွယ်မလဲ

ရလဒ် ပြောင်းသွားနိုင်တဲ့ ပယ်မဲ ဘယ်လို ကြိုတင် ကာကွယ်မလဲ

ရွေးကောက်ပွဲ မသမာမှု သို့မဟုတ် မဲလိမ်မှုတို့ဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဥပဒေနှင့် မလျော်ညီဘဲ ဝင်ရောက်စွက်ဖက်ခြင်းသာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မသမာမှု လုပ်ရပ် တွေဟာ မိမိတို့လိုလားတဲ့ ကိုယ်စားလှယ်လောင်းရဲ့ မဲအရေအတွက်များအောင် ပြုလုပ်တာ ဒါမှမဟုတ် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းရဲ့ မဲအရေအတွက် လျော့နည်းအောင် ပြုလုပ်တာအပြင် ဒီနှစ်ရပ်စလုံးကို လုပ်တဲ့ ဟာက ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲ စေပါတယ်။

ရွေးကောက်ပွဲ မသမာမှုမှာ ပါဝင်တဲ့အချက်တွေဟာ ဥပဒေအရ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းရဲ့ မဲအရေအတွက် လျော့နည်းအောင ်လုပ်တဲ့ အထဲမှာ ပဲမယ်ဖြစ်အောင်လုပ် တာလည်း ပါဝင်ပါတယ် အဓိကအားဖြင့် ပယ်မဲဖြစ်စေတာကတော့ မဲပေးတဲ့နေ့ မဲရုံးတွင်းမှာ အဖြစ်များ တာပါ။

ပယ်မဲမဖြစ်အောင် ပထမဆုံး ဘာကို သတိထားရမလဲဆိုတော့ မဲဆန္ဒပြုတဲ့ အခါမှာ စနစ်အနေနဲ့က လျို့ဝှက် မဲပေးစနစ်၊ လျို့ဝှက် မဲပေးစနစ် ဖြစ်နေတဲ့အတွက် လျို့ဝှက် မဲပေးစနစ်ကို မထိခိုက်အောင် လုပ်ရမှာပါ  တကယ်လို့ လျို့ဝှက်မဲပေးစနစ်ကို ထိခိုက်ရင် ဒါဟာ ပယ်မဲ ဖြစ်ပါတယ်။

ဒုတိယတစ်ချက် အနေနဲ့က မိမိ မဲပေးလိုက်တဲ့အခါမှာ ထင်သာမြင်သာ မရှိဘူး၊ ထင်သာမြင်သာ မရှိဘူးဆိုတာက ဘယ်သူ့ကို ပေးလိုက်တယ်ဆိုတာ ဝိဝါဒ ကွဲပြားပြီး ရှင်းရှင်းလင်းလင်း ဖြစ်တယ်ဆိုရင်တော့ ဒါ ပယ်မဲမဖြစ်ဘူးပေါ့။ အဲလိုမှမဟုတ်ပဲနဲ့ ဝိဝါဒ မကွဲပြားဘူး။ သူ့ကိုပေးသလိုလို ကိုယ့်ကိုပေးသလိုလို ဖြစ်မယ်ဆိုရင်တော့ ဒါ ပယ်မဲဖြစ်မှာပါ။ အဓိကကတော့ အဲအချက် ၂ချက်ကို ကျွန်တော်တို့ သတိထားဖို့ပါပဲ။ NLD က နောင်ချို မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဟိန် ကတော့ ပယ်မဲနဲ့ ပတ်သက်လို့ သတိထားသင့်တဲ့အချက်တွေကို အခုလို ပြောပါတယ်။

 

ဦးထွန်းထွန်းဟိန်။ ။ အားလုံးပေးလိုက်တဲ့ မဲတွေထဲမှာ ကိုယ်ပေးလိုက်တဲ့ မဲကို ပြန်ရှာလို့ မရလောက်အောင် အသွင်သဏ္ဍန်အားဖြင့် ထပ်တူထပ်မျှလို ဖြစ်နေမယ်ဆိုရင် ဒါဟာ လျို့ဝှက်မဲပေးစနစ်မှာ ခိုင်မာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပေးလိုက်တဲ့ မဲပြား တစ်ခုတစ်ခုကို မှတ်သားထားလို့ မရနိုင်အောင် ဥပမာ အစုတ်ကလေးပါမယ်။ အဲဒါကို မှတ်သားထားလို့ ရမယ်ဆိုရင် အဲဒါက ပယ်မဲ ဖြစ်မယ်ပေါ့။

နောက်တစ်ခါ မဲပြားမှာ အပေါက်ကလေး ပါမယ်ပေါ့၊ အဲဒီ အပေါက်လေးကို မှတ်သားထားလို့ ရမယ်ဆိုရင် ဒါဟာ ပယ်မဲ ဖြစ်မယ်ပေါ့။နောက်တစ်ခါ အစွန်းပေါ့။ တစ်ခုခုနဲ့ စွန်းနေတယ်။ ဥပမာ လက်မှာ ဂျေးပါလာလို့ မဲပြားကို ကိုင်လိုက်တဲ့အခါ မဲပြားမှာ ဂျေးစွန်း သွားမယ်ဆိုရင် အဲဒါလည်း ပယ်မဲ ဖြစ်မယ်ပေါ့။

နောက်တစ်ခုက တစ်ခုခုနဲ့ ခဲတံလေးနဲ့ ဖြစ်ဖြစ် ခြစ်ပြီးတော့ မှတ်သား ထားလိုက်မယ်။ အဲလို ခဲတံခြစ်ရာလေး ပါတယ်၊ နောက် ဖောင်တိန် ခြစ်ရာလေးပါတယ် ခြစ်ရာ အမှတ်အသားလေး ပါတယ်ဆိုရင် ဒါလည်း ပယ်မဲ ဖြစ်သွားနိုင်တယ်။

နောက်တစ်ခါ မသိမသာ လေး ခေါက်ထားလိုက်မယ် ခေါက်ရာလေး ဖြစ်အောင် အဲဒါကို မှတ်သားထားနိုင်တယ်ဆိုရင် ဒါက ပယ်မဲ ဖြစ်မယ်။ ဒါကတော့ ဒီအချက်တွေကတော့ လျို့ဝှက် မဲပေးစနစ်ကို ထိခိုက်နိုင်တယ်။ သူ့မဲကို သူမှတ်သား ထားနိုင်တယ်ဆိုတဲ့ အချက်များ ပေါ်နေတဲ့အတွက်ကြောင့် ပယ်မဲ ဖြစ်သွားတဲ့အချက်တွေပါ။

 

မကွေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးလှဆွေ ကတော့ ဘယ်လို ပေးရမယ်ဆိုတာကို ကိုယ့်ဟာကို ကြိုတင် လုပ်ကြည့်သင့်တယ်တဲ့။

ဦးလှဆွေ။   ။ အဓိကက ကိုယ့်နာမည် ပါအောင်လုပ်ရမယ်။ ပါအောင်လုပ်တဲ့ နည်းလမ်း တွေလည်း အများကြီး အစိုးရက ဖော်ပြပေးထားတယ်လေ။ ကိုယ့်နာမည် ပါပြီဆိုတာနဲ့ သွားပြီးတော့ မဲပေးတော့ မယ် ဆိုတာနဲ့ အခုခေတ်က အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်းလမ်းက၊ အရင်ခေတ်ကဆိုရင် ဘောပင် မပါတာတွေ ဘာတွေ မှင်သုတ်တာတွေ မဖြစ်အောင်လို့ တံဆိပ်တုံးထုတဲ့ စနစ်ကို သုံးထားတယ်။ ဒီတံဆိပ်တုံးကို မှန်ကန်အောင် ထုတတ်ဖို့ဆိုတာ အရင်တုန်းကထက်စာရင် အများကြီးလွယ်ကူတဲ့ နည်းလမ်းဖြစ်တယ်။ တံဆိပ်တုံးလေး မှန်အောင် ထုတတ်ဖို့ပဲလိုတယ်။

တစ်ခုရှိတာက ဘယ်သူ့ကို မဲပေးမယ်ဆိုတာတော့ ကိုယ်က တံဆိပ်တွေ သိထားဖို့တော့ လိုတာပေါ့နော်။ ဥပမာ ကြံခိုင်ရေးဆိုရင် အစိမ်းရောင်ကို ဦးစားပေးထားတယ်။ နည်းနည်း ထူးခြားတာပေါ့၊ ကျန်တဲ့ပါတီ အားလုံးက အနီရောင်ကို ကိုယ်စားပြုထားတယ်။ ဒါမျိုးလေးတွေ သိထားဖို့တော့ လိုတာပေါ့နော်။ ဒါကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဖို့ကတော့ အစိုးရ မြန်မာ့အသံပေါ့။ ရုပ်မြင်သံကြား တီဗွီ  FMတွေ ဒါတွေနဲ့ သတင်းစာတွေက များများ လုပ်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ပြီးရင် မဲဆန္ဒရှင် ပြည်သူကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ သဘောထားပြီးတော့ ပေါ့ပေါ့တန်တန် သဘောမထားပဲနဲ့  မိမိ ပေးချင်တဲ့လူကိုပေး၊ သို့သော် ဘယ်လိုပေးရမယ် ဆိုတာတော့ ကိုယ့်ဟာကို လုပ်ကြည့် သင့်တယ်လို့တော့ ယူဆပါတယ်။

 

ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်း TSI က ဦးကက်ပ်နိုကတော့ မဲလက်မှတ် သွားထုတ်တဲ့အခါ လက်မှတ်မထိုးရင် တော်တော်လေး ဒုက္ခရောက် နိုင်တယ်တဲ့။

ဦးကက်ပ်နို ။         ။UECနဲ့ ဆွေးနွေးတဲ့နေရာမှာ ပယ်မဲ ကိစ္စလည်း တော်တော်လေး ချောင်မဲ့ သဘော ရှိတယ်။တုံး ၂တုံးမထုမိဖို့ပဲ အဓိက၊ အကွက် တစ်ကွက်တည်းမှာ တုံး ၂တုံး သွားမထုမိဖို့ပဲ။ တုံးတစ်တုံး တည်းဆိုရင် တကယ်လို့များ လူနာမည်ပေါ်မှာပဲ ဖြစ်ဖြစ် Logo ပေါ်မှာပဲ ဖြစ်ဖြစ် အကွက် ပေါ်မှာ ပဲ ဖြစ်ဖြစ် တစ်တုံးပဲ ထုရင် အဲဒါက ခိုင်လုံမဲ ဖြစ်သွား မှာပေါ့။ နည်းနည်းလေး စောင်းပြီးပဲထုထု အနောက်မှာပဲ သွားထုထု ရတယ်။ ဆိုတော့ အဓိက ကတော့ စာရွက်တစ်ရွက်တည်းမှာ တုံး၂တုံးမရှိဖို့ပဲ အရေးကြီးတယ်။နောက်တစ်ခါ မဲရုံမှူး လက်မှတ်ရပါဖို့လည်း လိုတယ်။ မဲလက်မှတ် သွားထုတ်တဲ့အခါ လက်မှတ်ထိုးဖို့ ပေါ့နော်။ လက်မှတ်မထိုးရင် တော်တော်လေး ဒုက္ခရောက်မယ့် သဘောရှိတယ် ကျန်တဲ့ အပိုင်းကတော့ သိပ်ပြဿနာ မရှိလောက်ပါဘူး။

 

ပယ်မဲကိစ္စကတော့ ရှင်းပါတယ် မဲရုံတွင်း မရောက်ခင် ပညာပေးမှုတွေ အရင်လုပ်ရမှာပါ ဒါဟာ အစိုးရချည်း ရွေးကောက်ပွဲကော်မရှင်ချည်းနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး သက်ဆိုင်ရာ ပါတီတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အခုအချိန်ဟာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း(၂၀)ကျော်သာ လိုပါတော့တယ် မဲရုံတွင်းရောက်မှ ကရမယ့် အခြေအနေ တစ်ရပ်အတွက် ပွဲမဝင်ခင် အပြင်ကကျင်းပ ဆိုသလိုကြိုတင် လေ့ကျင့်မှု သရုပ်ပြမှုတွေကို ရုပ်မြင် သံကြားကနေရော အပြင်မှာ တကယ့်လက်တွေ့ရော လုပ်ပါမှ ပြည်သူတွေ အနေနဲ့ ဘယ်ဟာက ခိုင်လုံမဲ ဘယ်ဟာပယ်မဲဆိုတာ ကွဲကွဲပြားပြား သိနိုင်မယ် မဟုတ်ပါလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly