ကမ္ဘာ့ပရိသတ်ကို အံ့အားသင့်ထားစေခဲ့တဲ့ မြန်မာ အမျိုးသမီး MMA ကစားသမား အန်တိုနီယာ

ကမ္ဘာ့ပရိသတ်ကို အံ့အားသင့်ထားစေခဲ့တဲ့ မြန်မာ အမျိုးသမီး MMA ကစားသမား အန်တိုနီယာ
This photo taken on August 15, 2019 shows Myanmar's top woman fighter Bozhena Antoniyar attending a training session in Yangon. Photo: Sai Aung Main/AFP

အောက်တိုဘာ ၈။          ။ မြန်မာ အမျိုးသမီး MMA ကစားသမားတစ်ဦးဖြစ်တဲ့ ဘိုဇီနာ အန်တိုနီယာဟာ ရှေးရိုးဆန်တဲ့ မိဘတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ရင်း တိုက်ခိုက်ရေး အားကစားနည်းတစ်ခုကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသူလည်း ဖြစ်တဲ့ အန်တိုနီယာဟာ ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ရာမှာ ပွဲဦးထွက်မှာတင် ပြိုင်ဘက်ကို ၂၄ စက္ကန့်တည်းနဲ့ အလဲထိုးနိုင်ခဲ့တဲ့ စံချိန်ကိုပါ ယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

တကယ်တော့ အန်တိုနီယာဟာ သူမ အသက် ၁၆ နှစ်အရွယ်မှာကတည်းက ကြမ်းတမ်းတဲ့ လက်ဝှေ့ ပညာကို လိုက်စားခဲ့တာဖြစ်ပြီး လေ့ကျင့်ရေး သင်တန်းတွေကို သိုသိုသိပ်သိပ် တက်ခဲ့ရပါတယ်။

“ မိန်းကလေးတွေ လက်ဝှေ့ထိုးတယ်ဆိုတာကို ကျွန်မ မိဘတွေက အရင်ဘယ်တုန်းကမှ မကြားဖူး၊ မမြင်ဖူးထားခဲ့ပါဘူးလေ၊ အဲဒီတော့ ကျွန်မ ဘောလုံးသွားကန်နေတယ်လို့ သူတို့ကို လိမ်ပြောခဲ့ရတယ်” လို့ အသက် ၂၄ နှစ်အရွယ် အန်တိုနီယာက ပြောပါတယ်။

အန်တိုနီယာကတော့ စင်ကာပူအခြေစိုက် One Championship ပြိုင်ပွဲတွင် သူမရဲ့ ပွဲဦးထွက်ပွဲစဉ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ဘက်ဖြစ်တဲ့ ရွှေစင်ကို ၂၄ စက္ကန့်တည်းနဲ့ အလဲထိုး အနိုင်ရယူခဲ့တဲ့အတွက် ကမ္ဘာ့ ပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။

ယင်းအတွက်ကြောင့် သူမဟာ MMA အမျိုးသမီး အားကစားပြိုင်ပွဲမှာ အချိန်အတိုဆုံးနဲ့ အလဲထိုးနိုင်ခဲ့တဲ့ စံချိန်ကိုပါ တင်လိုက်နိုင်တာဖြစ်ပါတယ်။

သူမကတော့ ယခုလကုန်မှာ ဂျကာတာမှာ ပြုလုပ်မယ့် One Championship ပွဲစဉ်အဖြစ် အင်ဒိုနီးရှား စတား Priscilla Hertati Lamban Gaol နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

အန်တိုနီယာကတော့ မြန်မာနိုင်ငံ ကယားပြည်နယ် ဇာတိဖြစ်ပါတယ်။ ယင်းပြည်နယ်မှာတော့ အမျိုးသမီးတွေဟာ ရိုးရာ လက်ဝှေ့အားကစားထက်စာရင် လည်ပင်းတွေမှာ ကြေးကွင်းတွေ ဝတ်ဆင်မှုအတွက် လူသိများတာဖြစ်ပါတယ်။

ကယားပြည်နယ်က အခြား လူတွေလိုပဲ သူမရဲ့ မိဘတွေဟာ တောင်သူတွေပဲဖြစ်ပါတယ်။ “ ကျွန်မ မိဘတွေက လက်လုပ်လက်စားတွေပါပဲ၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတာပေါ့၊ ဒီတော့ အိမ်အခြေအနေကြောင့်ပဲ ကျွန်မကို ခုလို အောင်မြင်အောင် တွန်းပို့လိုက်သလိုပါ”လို့ အန်တိုနီယာက ပြောပါတယ်။

အန်တိုနီယာရဲ့ ဟီးရိုးကတော့ မြန်မာ စပါး စပါးအုံးလို့ သိကြတဲ့ အောင်လအင်န်ဆန်း ပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အန်တိုနီယာရဲ့ ကစားသမားဘဝကတော့ ခုမှ အစပျိုးခါစပဲရှိနေပါသေးတယ်။ ဒါပေမယ့် သူမဟာ ပြိုင်ဘက်ကစားသမားတွေ ဖြုံလောက်တဲ့ တိုက်ခိုက်ရေးသမားတစ်ဦး ဆိုတာကို သက်သေပြထားနိုင်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်က ပွဲစဉ်တစ်ခုမှာလည်း သူမဟာ ဗီယက်နမ်-အမေရိကန် ဖိုက်တာ Bi Nguyen နဲ့ ကစားခဲ့ရာမှာ အမှတ်နဲ့  အနိုင်ရရှိထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်လိုတဲ့ အမျိုးသမီးတွေအပေါ် ထောက်ခံမှု သိပ်မရှိခြင်းအပေါ်မှာလည်း အန်တိုနီယာက ပြစ်တင်သွားခဲ့ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေဟာ စပွန်ဆာ သဘောတူညီချက်တွေ ပိုလွယ်လွယ်ကူကူ ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။

“ ဒီလို နေရာမှာ ကျားမ ခွဲခြားတာမျိုး မရှိသင့်ပါဘူး” လို့ သူမက ပြောပါတယ်။ ဒါကြောင့်မို့လည်း သူမဟာ လက်ဝှေ့ကို စွန့်ခွာပြီး MMA ကို ပြောင်းထိုးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့မှာ စိန်ခေါ်မှုတွေ ရှိနေသော်ငြား သူမကတော့ ဆက်လက်တိုက်ပွဲဝင်သွားဦးမယ်လို့ ဆိုပါတယ်။ “ ကျွန်မ လှလှပပနဲ့ မိန်းမသား ဆန်နိုင်ခဲ့တဲ့နေ့ရက်တွေကို လွမ်းနေဦးမှာပါ၊ ဒါပေမယ့် ခု ကျွန်မ ရွေးချယ်ထားတဲ့ လမ်းကို ပိုကြိုက်ပါတယ်” လို့ သူမက ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly