အီကွေဒေါ အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အကြီးစားဆန္ဒပြပွဲကြီး ဆင်နွှဲရန် စိုင်းပြင်း

အီကွေဒေါ အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အကြီးစားဆန္ဒပြပွဲကြီး ဆင်နွှဲရန် စိုင်းပြင်း

ကွီတို၊ အောက်တိုဘာ ၈ ။        ။   အီကွေဒေါနိုင်ငံ နေရာတော်တော်များများမှာ တိုက်ခိုက်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေနဲ့ ဆန္ဒပြသမှုတွေ အနှံ့အပြား ဖြစ်ပွားပေါ်ပေါက်နေချိန်မှာပဲ တိုင်းရင်းမျိုးနွယ်အုပ်စုတွေက လီနင်မော်ရင်နိုအစိုးရရဲ့ မကြာသေးခင်က စီးပွားရေးဆုံးဖြတ်ချက်တွေကို ကန့်ကွက်ဆန့်ကျင်ဖို့ ကွီတိုမြို့တော်မှာ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲဖို့ ပြင်ဆင်နေပါတယ်။

နိုင်ငံအနှံ့က တိုင်းရင်းမျိုးနွယ် အင်အား နှစ်သောင်းနီးပါးဟာ အခြားလူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကွီတိုမြို့တော်မှာ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြဖို့ စီစဉ်စိုင်းပြင်းထားပါတယ်။ တစ်ချို့သော တိုင်းရင်းမျိုးနွယ်တွေဟာ ကွီတိုတောင်ပိုင်းက ဘူတာရုံဆီ တနင်္လာနေ့က ရောက်ရှိနေပင် နေပါပြီ။

အီကွေဒေါ တိုင်းရင်းမျိုးနွယ်များ အဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဂျင်မီဗာဂတ်စ်က ဆန္ဒပြပွဲကြီး ဖြစ်ပွားပေါ်ပေါက်လာတဲ့အထိ အစိုးရနဲ့ စေ့စပ်ဆွေးနွေးမှု လုံးဝလုပ်ဆောင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒီ ဆန္ဒပြပွဲကြီးဟာ အီကွေဒေါပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် အားလုံးတက်ညီလက်ညီ ကြိုးစားဆောင်ရွက်မှုပဲ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့ လူအင်အားတွေ ကွီတိုကို မရောက်မချင်း အစိုးရက လာစေ့စပ်တာကို လက်ခံမှာ မဟုတ်ဘူး။”လို့ အလုပ်သမားသမဂ္ဂနဲ့ အခြား သမဂ္ဂတွေနဲ့ ပူးပေါင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းမျိုးနွယ်များ အဖွဲ့အစည်း ဥက္ကဌဖြစ်သူက သတိပေးပြောဆိုပါတယ်။

အီကွေဒေါနိုင်ငံမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကြွေးမြီကို ဖြေရှင်းနိုင်ရေးအတွက် သမ္မတ လီနင်မော်ရင်နိုအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဖော်ဆောင်ရာမှာ လောင်စာဆီ အမတော်ကြေး ဖြတ်တောက်တဲ့ အစီအစဉ်ပါ ပါဝင်ပြီး ယင်းကို ဆန့်ကျင်ကန့်ကွက်ရာက ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly