အမှုအတွက် ထုချေရှင်းလင်းရန် နောက်ထပ် ရက် ၃၀ ယင်လပ်ထပ်မံရရှိ

အမှုအတွက် ထုချေရှင်းလင်းရန် နောက်ထပ် ရက် ၃၀ ယင်လပ်ထပ်မံရရှိ

ဘန်ကောက်၊ အောက်တိုဘာ ၁၆ ။             ။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ အစိုးရလက်ထက် ထောက်ပံ့ကြေးပေးသည့်  အငြင်းပွားဖွယ်ဆန်စပါးဝယ်ယူမှု စီမံကိန်းနှင့် ပတ်သက်၍ ယင်လပ်အား စစ်ဆေးရန် ဖွဲ့စည်းထားသော ကော်မတီက အမှုအတွက် ထုချေရှင်းလင်းရန် ယင်လပ်အား နောက်ထပ် အချိန်ရက် ၃၀ ပေးလိုက်သည်။

စစ်ဆေးရေးလုပ်ငန်းစဉ်၏ မူလနောက်ဆုံးရက်မှာ လွန်ခဲ့သည့်လက ကျော်ခဲ့ပြီဖြစ်သော်လည်း ကော်မတီက ယင်လပ်အားမေးမြန်းရန် နောက်ထပ်မေးခွန်းများ ရှိနေသေးသည်ဟု ထိုင်းဒု-ဝန်ကြီးချုပ် ဝစ်ဆာနုခရီယာငမ်က အောက်တိုဘာ ၁၅က ပြောသည်။ ၎င်းကအကျယ်ချဲ့မပြောခဲ့ပေ။

နိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေါ်စေသည့် စီမံကိန်းကို ခွင့်ပြုခဲ့သဖြင့် ယင်လပ်သည် တာဝန်ပေါ့လျော့သည်ဟု ဝစ်ဆာနုကဆိုသည်။ စီမံကိန်းကြောင့် နိုင်ငံနစ်နာမှုအတွက် အစိုးရက ယင်လပ်ထံမှ ဘတ်ဘီလျံ ၅၀၀လျော်ကြေးတောင်းမည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း ဥပဒေအရ တရားခံတစ်ဦးသည် လျော်ကြေးကို လျှော့ပေါ့ရန် စေ့စပ်ည်နှိုင်းနိုင်သည်ဟု ဝစ်ဆာနုကပြောသည်။ ယင်လပ်၏ ရှေ့နေ နော်ရာဝစ်လာလဲအင်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးရန်ဆုံးဖြတ်ထားပြီး ယင်းစာထဲတွင် ယင်လပ်က ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံချက်ပါဝင်သည်။

ယင်လပ်က ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံသည် မေတ္တာရပ်ခံသည့်စာအချို့ပို့ခဲ့သော်လည်း ပြန်ကြားချက်မရရှိခဲ့ပေ။ ထို့ကြောင့် ၎င်းထံသို့ သူမက အိတ်ဖွင့်ပေးစာရေးသား ထားကြောင်း   နော်ရာဝစ်ကပြောသည်။ စုံစမ်းစစ်ဆေးရေးကော်မတီက လုပ်ဆောင်နေသော်လုပ်ငန်းစဉ်က ယင်လပ်အတွက် မျှတမှုမရှိဟုလည်း ၎င်းကပြောကြားသည်။

ကော်မတီသည် မျက်မြင်သက်သေရနိုင်မှုရှိမရှိဂရုမစိုက်ဘဲ မျက်မြင်သက်သေများကို မေးမြန်းမည့် ကိုယ်ပိုင်အစီအစဉ်တစ်ခုကို ဖန်တီးခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော် မျက်မြင်သက်သေတစ်ဦး မရနိုင်သောအခါ ယင်းကိုလုပ်ငန်းစဉ်မှ ဖြတ်ချထားခဲ့သည်ဟု ၎င်းကထပ်မံပြောသည်။

အောက်တိုဘာ၁၃က ယင်လပ်သည် လျော်ကြေးပေးဆောင်စေမည့် ဝန်ကြီးချုပ်၏အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် ပရာယွတ်ထံသို့ အိတ်ဖွင့်ပေးစာကို ၎င်း၏   ရှေ့နေအား   ပေးပို့စေခဲ့သည်။   လျော်ကြေးပေးစေရန်ဆုံးဖြတ်ချက်မှာ နိုင်ငံရေးအရတွန်းအားပေးသည့် အာဏာကို အလွဲသုံးစားပြုလုပ်မှုဖြစ်သည်ဟု ယင်လပ်၏အုပ်စုက ယုံကြည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly