အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးအလုံးရေ ၁၀၀၀၀ လွှဲပြောင်းပေးအပ်

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးအလုံးရေ ၁၀၀၀၀ လွှဲပြောင်းပေးအပ်

ရန်ကုန်၊ အောက်တိုဘာ ၇ ။        ။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးအရေ ၁၀၀၀၀ လွှဲပြောင်းပေးအပ်ခြင်းကို အောက်တိုဘာလ ၇ရက်နေ့က ရန်ကုန်မြို့ရှိ ဆေးဘက်ဆိုင်ရာသုတေသန ဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံသံရုံးက သတင်း ထုတ်ပြန် ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Dr Sumit Seth သည် မြန်မာနိုင်ငံအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းထံသို့ ခွေးရူးပြန်ရောဂါ ကာကွယ် ဆေးအလုံးရေ ၁၀၀၀၀ အားပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရ၏ ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်အား ကူညီ ပေးရန်နှင့် အိန္ဒိယ နိုင်ငံ၏ဆေးဝါးလုပ်ငန်းသည် အရည်အသွေးမြင့်ကာကွယ်ဆေးများအား သင့်တင့်သော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မှုကို ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားအား Dr Sumit Seth မှအဖွင့်အမှာစကားပြောကြားခြင်းဖြင့် စတင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသနဌာန ညွှန်ကြားရေးမှူးချုပ်မှကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ထို့နောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသနဌာန ညွှန်ကြားရေးမှူးချုပ်မှ အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီး အကဲ Dr Sumit Seth အား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။

Dr Sumit Seth မှ အိန္ဒိယနိုင်ငံ ဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ခွေးရူးပြန်ရောဂါ ထိန်းချုပ်မှုဆိုင်ရာ လေ့လာချက်များအားမျှဝေခြင်းနှင့် မြန်မာနိုင်ငံမှဆရာဝန်များနှင့်ဆေးဘက် ဆိုင်ရာအကူများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုစသည်ဖြင့် ကျန်းမာရေးကဏ္ဍတွင် နောက်ထပ်ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စ ရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှစ်ဦးနှင့်ဌာနအသီးသီးမှအဆင့်မြင့် အရာရှိကြီးများ၊ အိန္ဒိယနိုင်ငံသံရုံး ရန်ကုန်မြို့မှအရာရှိများတက်ရောက်ခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly