အစိုးရ အလိုမရှိကြောင်း စာရွက်ဖြန့်သူအား စုံစမ်းနေ

အစိုးရ အလိုမရှိကြောင်း စာရွက်ဖြန့်သူအား စုံစမ်းနေ

မန္တလေး၊ အောက်တိုဘာ ၇ ။       ။ မန္တလေးမြို့ လူစည်ကားရာနေရာတစ်ချို့တွင် အောက်တိုဘာလ ၇ ရက် နံနက် ၅ နာရီခန့်က အစိုးရအလိုမရှိကြောင်း စာရွက်များ ကြဲဖြန့်ခဲ့သူကို ဖမ်းဆီးရန် စုံစမ်းနေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှသိရသည်။

ထိုသို့ စာရွက်များကြဲဖြန့်ခဲ့သူကို အရေးယူပေးရန် NLD ပါတီဝင်တစ်ဦးက သက်သေခံ စာရွက်နှင့်အတူ တိုင်ကြား လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မည်သည့်အဖွဲ့၊မည်သည့်ပုဂ္ဂိုလ်က ကြဲဖြန့်ခဲ့သည်ကို မသိရှိသေးကြောင်းသိရသည်။

"အရေးယူနိုင်ဖို့ စုံစမ်းနေတယ်။CCTV တွေလည်းစစ်ဆေးနေပါတယ်။"ဟု အမှတ် ၇ နယ်မြေရဲစခန်းမှူးရဲအုပ် ဇော်ဝင်းက ပြောသည်။

အဆိုပါ ကြဲဖြန့်ခဲ့သည့် စာရွက်ထဲတွင် အပြောနှင့်အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ အလိုမရှိ။စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာပေးသည့် အစိုးရ အလိုမရှိ။တိုင်းရင်းသားအရေး လစ်လျှူရှု၍ ကုလားအရေး ဦးစား ပေးသည့် အစိုးရ အလိုမရှိ။ပြည်တွင်းအရေးကို နိုင်ငံတကာအရေးဖြစ်အောင် ပုံကြီးချဲ့၍ နိုင်ငံတကာ အကူအညီ ရယူကာ ပြည်ပနိုင်ငံများမှ မိမိနိုင်ငံအပေါ် သြဇာလွမ်းမိုးမှုရှိစေရန် အခြေအနေဖန်တီးပေးနေသည့် ပြည်ပအားကိုး အစိုးရ အလိုမရှိ။အမျိုးဘာသာ သာသနာနှင့်လူမျိုးရေးအန္တရာယ်ကာကွယ်ရန် ကိုယ်တိုင်တာဝန်ရှိပါလျက် မကာ ကွယ်ဘဲအမျိုးသားရေးတက်ကြွ လှုပ်ရှားသူများအား ဖိနှိပ်နေသည့် အစိုးရ အလိုမရှိ စသည့် စာသားများ ပါဝင်သည်။

ထိုစာသားများပါ စာရွက်များကြဲဖြန့်မှုနှင့်စတေကာ ကပ်ခြင်းများကို မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇွန်လ နှင့်သြဂုတ်လ တို့ကလည်း ပြုလုပ်ခံခဲ့ရသော်လည်း ဖမ်းဆီးရမိမှုမရှိသေးဘဲ ယခုတစ်ကြိမ် ထပ်မံ ပြုလုပ်ခံရခြင်းလည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly