ပြင်ဦးလွင်ရှိ ကိုလိုနီခေတ် အဆောက်အဦများကို ပြည်သူများ လေ့လာခွင့်ရရှိအောင် ဆောင်ရွက်မည်

ပြင်ဦးလွင်ရှိ ကိုလိုနီခေတ် အဆောက်အဦများကို ပြည်သူများ လေ့လာခွင့်ရရှိအောင် ဆောင်ရွက်မည်
ဓာတ်ပုံ - အောင်ကိုဦး ( မဇ္ဈိမ )

မန္တလေး၊ အောက်တိုဘာ ၇ ။        ။ ပြင်ဦးလွင်မြို့ရှိ ကိုလိုနီခေတ်ရှေးဟောင်းအမွေအနှစ် အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းကာ ပြည်သူများ ဝင်ထွက်လေ့လာခွင့်ရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြင်ဦးလွင်မြို့မိမြို့ဖ အထောက်အကူပြုကော်မတီ၏ အတွင်းရေးမှူးချုပ် ဦးကိုကြီးက မဇ္ဈိမ ကိုပြောသည်။

"ရှေးဟောင်အမွေအနှစ် ကိုလိုနီလက်ထက်ကရှိတဲ့ အဆောက်အဦတွေ တစ်ချို့ပျက်စီးနေပြီး တစ်ချို့ဟာတွေဆို အထဲဝင်ခွင့် မရတဲ့ အခြေအနေရောက်နေပြီ။ အဲဒီတော့ ပျက်စီးသွားတဲ့ ဟာတွေကိုလည်း ပြုပြင်ထိန်းသိမ်းဖို့လည်း ရည်ရွယ်ထားတယ်။နောက်တစ်ခါ နိုင်ငံခြားသားတွေနဲ့ခရီးသွားတွေလာဖို့အတွက် သူတို့ စိတ်ဝင်စားတဲ့ အဆောက် အဦးတွေ ဝင်ခွင့်ရအောင်လို့လည်း ကြိုးစားမယ်။"ဟု ဦးကိုကြီးက ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့၌ ခရီးသွားများ စိတ်ဝင်စားသည့် ရှေးဟောင်း အဆောက်အဦ ၅၀ နီးပါးကျန်ရှိနေပြီး
ထိုနေရာများကို ပြုပြင်ထိန်းသိမ်းရန် မြို့ခံတစ်ချို့က ကြိုးစားခဲ့သေးသော်လည်း ပြုပြင်ထိန်းသိမ်းခွင့် မရခဲ့ကြောင်း သိရသည်။

"အရင်တုန်းကတော့ ဆောင်ရွက်ခွင့်မရဘူးပေါ့ဗျာ။ဒါက ဘာကကိုင်ထားတာ ဒါက ဘာညာက ကိုင်ထား တယ်။ အဆင့်ဆင့်ပြောကြရတယ်။အရင်တုန်းက ကျွန်တော်တို့က လုပ်ခွင့်မရဘူး။"ဟု ဦးကိုကြီးက ဆက်ပြောသည်။

ရှေးဟောင်းအဆောက်အဦများ ပြုပြင်ထိန်းသိမ်းခွင့်နှင့်ဝင်ထွင်ခွင့်မပြုသည့် နေရာများကို ဝင်ထွက်ခွင့်ပြုရန်အတွက် သက်ဆိုင်ရာမြို့နယ်အဆင့်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဆင့်ဆင့်ထံ တင်ပြ၍ ဆောင်ရွက်သွားမည်ဟု သိရသည်။

"ဝင်ခွင့်မပေးတာမဟုတ်ပါဘူး။တစ်ချို့လာတဲ့သူတွေက စည်းကမ်းမရှိဘူးလေ။ဒါကြောင့်ပါ။ရုပ်ရှင်အဖွဲ့တွေက လာငှားရင်ကို မငှားတော့တာပါ။ပိုင်ရှင်တွေက ဒီမှာ မရှိဘူးလေ။ဟို အဝေးမှာ နေကြတယ်။သုံးလေး နှစ်နေမှ တစ်ခေါက်ပဲ လာကြတယ်။အမေတို့က စောင့်ရှောက်ပေးထားရတာပါ။"ဟု ရှေးဟောင်းအဆောက်အဦးတစ်ခုကို အစောင့်အဖြစ် အနှစ်ကျော်လုပ်နေသည့် အသက် ၇၅ နှစ်အရွယ် ဒေါ်နန်းမူက ပြောသည်။

ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နိုင်ရန်အတွက် မြို့နေ ပြည်သူလူထုမှ မဲစနစ်ဖြင့် ရွေးချယ်တင်မြောက် ထားသည့် မြို့မိ မြိုဖအဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းက ကျမ်းသစ္စာကျိန်ဆို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့မှ မြို့၏ လိုအပ်ချက်များကို စာရင်းများ ကောက်ယူကာ ဌာနဆိုင်ရာအသီးသီး၏ မြို့အတွက် လုပ်ဆောင်နေမှုများကိုလည်း စောင့်ကြည့်လျက် ရှိကြောင်း လိုအပ်သည့် အကြံဉာဏ်များကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဌာနဆိုင်ရာတွေက ဘာတွေလှုပ်ရှားနေတယ်။ဘယ်ကိစ္စတွေက ဘယ်အနေအထားမှာရောက်နေတယ်ဆိုတာ အဲဒါလေးတွေ ကျွန်တော်တို့ နည်းနည်းဆာဗေးလုပ်ချင်သေးတယ်။ဆာဗေးလုပ်ပြီးရင်တော့ ကျွန်တော်တို့ မြို့မိ မြို့ဖ အဖွဲ့အနေနဲ့ ဆုံးဖြတ်ထားတာတော့ ပြည်သူတိုက်ရိုက် အကျိုးရှိစေမယ့် လုပ်ငန်းကို ပထမအဆင့်အနေနဲ့ လုပ်မယ်။ တစ်ချို့ကိစ္စတွေမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရှိနေတော့ သူတို့လုပ်သင့်တဲ့ အလုပ်ဆိုရင် ဒါလေးတွေက ဒီလို လုပ်ဖို့ ကောင်းတယ် ဘာညာ အကြံပေးမယ်။ကျွန်တော်တို့ ကိုင်တွယ်ရမယ့် ကိစ္စကတော့ ပြည်သူအားလုံးကို အကျိုး ရှိစေမယ့် ဟာတွေကို အဓိကထားလုပ်သွားမယ်။"ဟု ပြင်ဦးလွင်မြို့မိမြို့ဖ အဖွဲ့၏ သဘာပတိဖြစ်သော ဦးခင်မောင်လှ က ပြောသည်။

ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည့် မြို့မိ မြို့ဖအဖွဲ့ကို အစိုးရအဖွဲ့မှ လိုအပ်သည်ကို ဥပဒေ ဘောင်အတွင်းမှ ကူညီပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး က ဆိုသည်။

"ကျွန်တော်တို့ကတော့ ကောင်းတာလုပ်တဲ့သူ ဘယ်အဖွဲ့အစည်းဖြစ်စေ ဘယ်နည်းနဲ့ပဲ တက်လာခဲ့တက်လာတဲ့ သူပဲဖြစ်စေ။ ပြောရရင် ကျွန်တော်တို့မူအရတော့ လက်တွဲပြီးဆောင်ရွက်မှာပဲ။ ကူညီနိုင်တဲ့ ကိစ္စဆိုရင် ဥပဒေ ဘောင်အတွင်းက ကူညီရမှာပေါ့။"ဟု ဒေါက်တာ ခင်မောင်ဌေးကပြောသည်။

ပြင်ဦးလွင်မြို့ကို ပြင်ဦးလွင်မြို့ သရုပ်သဏ္ဍာန်ပေါ်လွင်စေရန်အတွက် စိုက်ပျိုးပင်နှင့် ပေါက်ရောက်ပင်များကိုလည်း စနစ်တကျ စိုက်ပျိုးမှုများ ပြုလုပ်သွားမည်ဟုသိရပြီး မြို့ခံလူထု အကျိုးရှိစေမည့် ဖွံ့ဖြိုးမှုများကိုလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့မိမြို့ဖ အထောက်အကူပြုကော်မတီမှ သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly