ဆွမ်ပရာဘွမ်စစ်ပြေးဒုက္ခသည် ၂၀၀ကျော် ဆေးဝါးများ အရေးပေါ်လိုနေ

ဆွမ်ပရာဘွမ်စစ်ပြေးဒုက္ခသည် ၂၀၀ကျော် ဆေးဝါးများ အရေးပေါ်လိုနေ
ကချင်ပြည်နယ် လိုုင်ဇာမြို့ရှိ ကချင်စစ်ပြေးဒုုက္ခသည်စခန်းဖြစ်သည့် ဂျေးယန်းဒုုက္ခသည်စခန်းရှိ ဒုုက္ခသည်ကလေးငယ်အားဇူလိုုင်လ ၂၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံု - မင်းမင်း (မဇ္စျိမ)

ချင်းမိုင်၊ အောက်တိုဘာ ၁၆ ။        ။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော် ကျန်းမာရေး ဆိုးဝါးနေသဖြင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ ပြန်ကြားရေးတာဝန်ခံ ဆရာလမာယော်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာအနီး အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဘွမ်ကရာဘွမ်မြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသော မဒွတ်ယန် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀၅ ဦးအတွက် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

“အဲဒီမှာ စလန်ယန်နဲ့ မဒွတ်ယန် စစ်ရှောင်စခန်း ၂ ခုပဲ ရှိတယ်။ မဒွတ်ယန်စခန်းမှာက ၂၀၅ ယောက်က အိပ်ယာမှာ ဘုန်းဘုန်းလဲပြီးမှ ဖျားနေကြတယ်။ သွေးလွန်တုတ်ကွေးနဲ့ တူတယ်။ ချောင်းဆိုး၊ ကိုက်ခဲ မထိုင်နိုင် ဖြစ်နေကြတယ်တဲ့။ စလန်းယန်စခန်းမှာက ဘာမှ မဖြစ်ဘူးလို့ သိရတယ်”ဟု ဆရာလမာယော်က ပြောသည်။

“လောလောဆယ် ဆေးဝါးပြတ်လတ်နေတယ်။ ကေအိုင်အေဘက်က ကျန်းမာရေးဌာနတော့ ရှိတယ်။ ဒါပေမဲ့ ဆေးဝါး လုံးဝပြတ်လပ်သွားတဲ့ အခါကြတော့ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေရောက်နေတယ်တဲ့။ ကျွန်တော်တို့ ကေဘီစီကနေ ဆေးဝါးနဲ့ အာဟာရ ပံ့ပိုးကူညီရန်အတွက် အစီအစဉ်ရှိပါတယ်”ဟု သူက ပြောသည်။

ဆွမ်ဘရာဘွမ်မြို့နယ် စခန်းဇွတ်ကျေးရွာမှ ၄ မိုင်ကျော်အကွာအဝေးရှိ မဒွတ်ယန် စစ်ပြေးဒုက္ခသည်ခန်းတွင် တိုက်ပွဲကြောင့် ကျေးရွာ ၅ ရွာမှ စစ်ပြေးဒုက္ခသည် လူဦးရေ ၈၀၀ ခန့် ခိုလှုံနေပြီး အခြား စလန်ယန်ဒုက္ခသည်စခန်းတွင် ကျန်းမာရေးဆိုးဝါးခြင်း မရှိသေးကြောင်း သူက ပြောသည်။

“ရွာသားတွေက တောတောင်တွေမှာဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ် ဆိုတော့ အာဟာရ လုံလုံလောက်လောက် မရရှိတာရော ပါမယ်။ အနီးပတ်ဝန်းကျင်ရဲ့ စိုထိုင်းစတွေကြောင့်နဲ့ ခြင်တွေ ကိုက်တဲ့အတွက်ကြောင့် ဖြစ်ကြတာဘဲလို့ ထင်တယ်”ဟု ဆရာလမာယော်က ပြောသည်။

ဆွမ်ပရာဘွမ်က ဒုက္ခသည်များအတွက် KBC က ဆေးဝါးနှင့် ရိက္ခာများကို သွားရောက် ပို့ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း သူက ပြောသည်။ သို့သော် သွားရောက်ထောက်ပံ့နိုင် ရန်အတွက် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)သို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း လုံခြုံရေးတာဝန်မယူဟုဆို၍ ယနေ့ချိန်ထိ သွားရောက်ခွင့် မရသေးပေ။

အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် ကချင်လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးအသင်းအဖွဲ့များက သွားရောက် ကူညီထောက်ပံ့မှုများ ရှိခဲ့သဖြင့် ယခု အောက်တိုဘာလကုန်သည့် စားနပ်ရိက္ခာ လုံလောက်မှု ရှိသည်ဟု ဆရာလမာယော်က ပြောသည်။

“လူမှုအဖွဲ့အစည်းတွေရော သူတို့ တိုက်ရိုက်မသွားနိုင်သည့်တိုင်အောင် ဓမ္မအမှုတော်ဆောင်တွေ ရှိတယ်။ သူတို့ကနေတဆင့် လှူဒါန်ပံ့ပိုးနေတယ်လို့ ကြားရတယ်။ အစိုးရက ခွင့်မပြုသေးဘူး။ ခိုးချောင်ခိုးဝှက်နဲ့ သွားရမှာပါ”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာအနီး အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တပ်ဖွဲ့ ထိန်းချုပ်နေရာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ၇ ရွာမှ စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၁၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

လတ်တလော ဆွမ်ပရာဘွမ်မြို့နယ်တွင် အစိုးရ စစ်တပ်များ ဆုတ်ခွာသွားမှုများ ရှိသဖြင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့သော်လည်း မလိယန်ကျေးရွာအနီးတွင် အစိုးရ တပ်စခန်း အခြေချထားဆဲ ဖြစ်၍ ရွာသားများ မိမိနေရပ်သို့ မပြန်လာရဲသေးကြောင်း သူက ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly