ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သူများကို KNU ဂုဏ်ပြု

ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သူများကို KNU ဂုဏ်ပြု
ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

ရန်ကုန်၊ အောက်တိုဘာ ၆ ။    ။ ရန်ကုန်မြို့လယ်တွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသည့်နော်အုန်းလှ နှင့် ကရင်လူငယ်နှစ်ဦးကို  ကရင်အမျိုးသားအစည်းအရုံး (KNU) မှဂုဏ်ပြုခဲ့သည်။

 ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က KNU ဌာနချုပ်တွင်ပြုလုပ်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုယ်တိုင် ဂုဏ်ပြုလွှာပေးအပ်ခဲ့ခြင်းဖြစ်သည်။

“အခုလိုတားဆီးပိတ်ပင် အခက်အခဲကြားကနေရအောင်ကျင်းပခဲ့တယ်။ နောက်ပြီးကျရင် တရားစွဲခံရတာတွေကို ရင်ဆိုင်ပြီးတော့မှ လုပ် တဲ့အပေါ်မှာ ဂုဏ်ပြုခြင်းဖြစ်ပါတယ်” ဟု ကရင့်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဌဖြစ်သူ နောက်အုန်းလှကပြောသည်။

 သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမနှင့်  မဟာဗန္ဓုလပန်းခြံရှေ့တွင်  ၆၉ နှစ်မြောက် ကရင်အာဇာ နည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပခဲ့ခြင်းနှင့်  ပတ်သက်ပြီး နော်အုန်းလှနဲ့ ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချို တို့သုံးဦးကို ကျောက်တံတား မြို့နယ် ရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

 ၎င်းတို့ သုံးဦးကို စစ်ဆေးပြီးနောက် ကျောက်တံတားမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၅ ရက်စီကျခံစေရန် အောက်တိုဘာ ၂ ရက်နေ့က အမိန်ချမှတ်ခဲ့ရာ  ချုပ်ရက်ကများနေသဖြင့် အမိန်ချမှတ်ပြီးချိန်တွင် လွတ်မြောက်ခဲ့သည်။

 “အယူခံလည်းပြန်တက်မှာပါ။ တစ်လအတွင်းတက်မှာပါ” ဟု နော်အုန်းလှကဆိုသည်။

 ယင်းကဲ့သို့ လွတ်မြောက်လာသည့် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့သည် လာရောက်ဝန်းရံသူ ၃၀၀ ကျော် နှင့် ပူးပေါင်းပြီး ကျောက်တံတားမြို့နယ် တရားရုံးမှ  မဟာဗန္ဓုလ ပန်းခြံထိ တိုင်းရင်းသား များ တန်းတူ အခွင့်အရေး ပေးရန်အတွက် လမ်းလျှောက် ကြွေးကြော်ခဲ့ကြသေးသည်။

 ဝန်းရံခဲ့သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့်  ကရင်လူငယ်များ ၊ ကရင်နီ ၊ပအို့်ဝ် ၊ ရခိုင် ၊ ဗမာ စသည့် တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

 ယင်းကဲ့သို့ လမ်းလျှောက်ချီတက်ရာတွင်   တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှရရှိရေး၊ တိုင်းရင်းသားများကို ဖိနှိမှုများရပ် စသည့်  ဆိုင်းဘုတ်တွေကိုင်ဆောင် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required