NCA အကောင်အထည်ဖော်ရေး PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်

NCA အကောင်အထည်ဖော်ရေး PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်
NCA လက်မှတ်ရေးထိုးထားသည့် KNU အဖွဲ့အား နေပြည်တော်တွင် ဆွေးနွေးစဉ်။ ဓာတ်ပုံ - EPA-EFE/HEIN HTET

ရန်ကုန်၊ အောက်တိုဘာ ၆ ။                   ။ အပစ်ရပ်လက်မှတ် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့လုံးပါဝင်မည့် PPST အစည်းအဝေးကို လာမည့် အောက်တိုဘာ ဒုတိယ ပတ်တွင်း ထိုင်းနိုင်ငံ ချင်းမိုင်းမြို့၌ကျင်းပသွားရန်ရှိကြောင်းသိရသည်။

“လာမယ့် အောက်တိုဘာ ၉ နဲ့ ၁၀ တို့မှာကျင်းပဖို့ခေါ်ယူထားပါတယ်။ လက်မှှတ်ထိုးထားတဲ့ ၁၀ ဖွဲ့လုံးပါမှာပါ”  ဟု အပစ်ရပ်တစ်ဖွဲ့ဖြစ်သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာတိုင်းရင်းသားနက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်လာမည်ဖြစ်ပြီး NCA အကောင်အထည်ဖော်ရေး ကိစ္စရပ်များကိုဆွေးနွေးကြရန်ဟု ၎င်းကဆိုသည်။

အလားတူ NCA စာချုပ်အရ သုံးလတစ်ကြိမ်ကျင်းပရသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာအစည်းအေဝး (JICM) မကျင်းပနိုင်သည်မှာ တစ် နှစ် ကျော်လာပြီဖြစ်သည့်အတွက် အဆိုပါကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးရမည် ဖြစ်သည်။

JICM အစည်းအဝေးမှာ အစိုးရ၊ တပ်မတော်ခေါင်းဆောင်ပိုင်းများတက်ရောက်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် တပ်မတော်ဘက်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့သည်။

 JICM ကိစ္စအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပနိုင်ရေးလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်းလည်းသိရသည်။

“အဓိက အတားအဆီးဖြစ်နေတာတွေကိုဆွေးနွေးကြမှာ။ ဒီအစည်းအဝေးကအဆင်ပြေမှာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

လက်ရှိအချိန်တွင် NCA ထိုးထားသည့် အင်အားကြီးအဖွဲ့နှစ်ခုဖြစ်သည့် KNU နှင့် RCSS တို့မှာ JMC အစည်းအဝေးများတွင် ပါဝင်မှု ရပ်ဆိုင်းထားသည်။

ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) လုပ်ငန်းများပြန်စနိုင်ရန် တပ်မတော်နှင့် အပစ်ရပ်အဖွဲ့ဝင်များ သီးသန့်ဆွေးနွေးဖြေရှင်းသွားရန်လည်းရှိနေသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပါအဝင် ငြိမ်းချမ်းရေး အစည်းအဝေးအချို့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ယာယီရပ်ဆိုင်း ခဲ့ရခြင်းဖြစ်ပြီး ပြန်လည်အကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မေတာ် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)  တို့ အပစ်ရပ် NCA ရေးထိုးခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA လက်မှတ်ရေးထိုးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags