သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့ လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။
သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

မျက်နှာအသားအရ‌ေကို ထိခိုက်စေနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခု ချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင်ချွေးပေါက်ကိုကျယ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ သင့်ကိုချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်အချက်ဖြစ်နိုင်မလဲ။

အသက်အရွယ်ကြီးရင့်လာတာကြောင့်

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ချွေးပေါက်တွေက ကျယ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အေရျပားမှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့် အသက် ၃၀ ကျော်လာတဲ့အခါ ချွေးပေါက်ကျယ်နိုင်ခြေက အရင်ကထက်ပိုများလာနိုင်ပါတယ်။

အသားအရေအမျိုးအစားကြောင့်

အဆီပြန်တတ်တဲ့အသားအရေရှိသူတွေက အခြားသူတွေထက် ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။ အရေပြားပေါ်က အဆီပိုတွေနဲ့ဆဲလ်သေတွေက ချွေးပေါက်တွေထဲပိတ်ဆို့ပြီး ချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zone နေရာဖြစ်တဲ့ နဖူး၊ နှာခေါင်း နဲ့ မေးစေ့တို့မှာ ချွေးပေါက်ကျယ်စေနိုင်ပါတယ်။
အယ်လ်ကိုဟောကြောင့်

အယ်လ်ကိုဟောသောက်သုံးမှုက အသည်းကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။ သွေးကြောတွေနဲ့ အဆီဂလင်းတွေကိုပါကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့်  မေးစေ့နဲ့နှာခေါင်းတဝိုက်က ချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။

ကဲ.. သင့်ကို ချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။
ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရလား………….

ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရပါတယ်။ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အခုပြောမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

အသားအရေကို ပုံမှန်သန့်စင်ပေးပါ – ချွေးပေါက်တွေထဲက ပိတ်ဆို့နေတဲ့ အဆီတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် မ်က္ႏွာကို ပုံမှန်သန့်စင်မှုတွေလုပ်ဆောင်ပေးဖို့လိုပါမယ်။

မိတ်ကပ်ကို သတိထားရွေးပေးပါ – ချွေးပေါက်ကျယ်တဲ့သူတွေအနေနဲ့က အဆီများတဲ့ မိတ်ကပ်တွေသုံးလို့အဆင်မပြေပါဘူး။ အဆီများတဲ့ အလှကုန်တွေက ချွေးပေါက်တွေကို ပိုကျယ်စေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာလည်း မျက်နှာကို သေချာလေးသန့်စင်ပေးဖို့လိုပါမယ်။

မျက်နှာပေါ်က ဆဲလ်သေတွေကိုပုံမှန် ဖယ်ရှားပေးပါ – အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်လောက် မျက်နျာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေချွေးပေါက်မှာ ပိတ်ဆို့မှုကြောင့် ချွေးပေါက်ကျယ်တာတွေ မဖြစ်အောင်အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒီနေရာမှာ သတိထားရမယ့်တစ်ချက်က ဆဲလ်သေဖယ်ရှားတာကို အလွန်အကျွံမလုပ်မိဖို့ပါ။
ချွေးပေါက်ကျယ်တာကို သက်သာစေမယ့်အရာတွေက ဘာတွေလဲ……..

ချွေးပေါက်ကျယ်စေဖို့ အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။

ရွှံ့စေးနဲ့မျက်နှာပေါင်းတင်ပါ – ရွှံ့စေးနဲ့ပေါင်းတင်းတာက အဆီပြန်ချွေးပေါက်ကျယ်သူတွေအတွက် ထိရောက်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။ မျက်နျာကို သေချာလေးသန့်စင်ပြီး ရွှံ့စေးပေါင်းတင်အနှစ်ကို လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ။

ဒိန်ချဉ် – ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်နေတာကြောင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်ထဲကအညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို တင်းရင်းစေနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်ကို ဒိန်ချဉ်လူးပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့။

ပန်းသီးရှာလကာရည် – ချွေးပေါက်ကျယ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကိုရေနဲ့ဆတူရောပြီး ဂွမ်းစလေးနဲ့တို့လို့ မျက်နှာ အနှံ့မှာလူးပေးပါ။ ချွေးပေါက်တွေကိုသန့်စင်ပြီး တင်းရင်းစေပါတယ်။

လိမ္မော်ခွံ – ဖလေဗာနွိုက်ပါဝင်နေတာကြောင့် အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ခွံလတ်လတ်ဆတ်ဆတ်ကို မျက်နှာပေါ်မှာ ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ထားပြီး မျက်နှာသစ်ချလိုက်ပါ။

သံပရာရည် – ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။ သံပရာရည်နဲ့ရေကို ဆတူရောပြီး မျက်နှာကိုလိမ်းပေးပါ။ ချွေးပေါက်တွေကို သန့်စင်တင်းရင်းစေနိုင်ပါတယ်။

ကြက်ဥအကာ – အဆီပိုတွေဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ သံပရာရည်နဲ့ရောထားတဲ့ ကြက်ဥအကာကို လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပေးပါ။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly