မြန်မာနိုင်ငံတွင် ပညာရေးဖလော်ဆော်ဖီမရှိခြင်းကြောင့် ပန်းတိုင်ပျောက်နိုင်ဟုဆို

မြန်မာနိုင်ငံတွင် ပညာရေးဖလော်ဆော်ဖီမရှိခြင်းကြောင့် ပန်းတိုင်ပျောက်နိုင်ဟုဆို

အောက်တိုဘာလ ၅ ။          ။ မြန်မာနိုင်ငံ၏ ပညာရေးတွင် ပညာရေးဖလော်ဆော်ဖီ မရှိခြင်းကြောင့် ပန်းတိုင်ပျောက်သွား နိုင်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်သော ဒေါက်တာ အာကာမိုးသူက ပြောသည်။

အခြေခံအဆင့်နှင့်အဆင့်မြင့်ပညာ‌ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့၊ရန်ကုန်တက္ကသိုလ်ဝင်းရှိဝိဇ္ဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဒေါက်တာအာကာမိုးသူက ပြောခဲ့ခြင်း ဖြစ်သည်။

"ပြောရမယ်ဆိုရင် အားနည်းတယ်။  ဘာသဘောသဘာဝလဲဆိုရင် ပညာရေးဝန်ကြီး ၊ ပညာရေးကို တာဝန်ရှိတဲ့သူနဲ့တွေ့ရင် နိုင်ငံတော်ရဲ့ ပညာရေးဖလော်ဆော်ဖီကဘာလဲ လို့မေးကြည့်ပါ။ ပညာရေးဝန်ကြီးလည်း မေးကြည့်ပါ။ ကျွန်တော်တို့ နိုင်ငံကနေ ချမှတ်ထားတဲ့ ပညာရေးဖလော်ဆော်ဖီ ရှိလား လို့ မေးကြည့်ပါ။ မရှိပါဘူး။ အဲဒါ အန္တရာယ်ရှိပါတယ်”ဟု ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ အာကာမိုးသူက ပြောသည်။

ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် အနယ်အနယ်အရပ်ရပ်မှ ကျောင်းဆရာ ၊ ကျောင်းဆရာမများနှင့် မြန်မာပညာရေးလေ့လာစောင့်ကြည့်သူများက ကျောင်းအခြေပြုပညာရေး ဖွံ့ဖြိုးတိုးတက်မှုအကြံပြု ချက်စာတမ်း၊ ကမ္ဘာ့ပညာရေးအယူအဆများနှင့် မြန်မာ့ပညာရေးအနာဂတ်အလားအလား စသည့်စာတမ်းများကို ဖတ်ကြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“ပညာရေးဖလော်ဆော်ဖီ  မရှိရင် ကျွန်တော်တို့က ပန်းတိုင်မရှိရင် ဘယ်ကိုသွားမလဲ ဆိုတဲ့ပြဿနာ ရှိတယ်။ ပန်းတိုင်မသိတဲ့ဟာကို သွားရမှာလား၊ ရောက်တတ်ရာရာ သွားရမှာလား ၊ ဖိနပ်အသစ်၊ အင်္ကျီအသစ်တော့ ဝတ်ထားတယ်။ ဘယ်သွားရမှန်း မသိရင် အဲဒါအန္တရာယ်ရှိတယ်" ဟုဒေါက်တာ အာကာမိုးသူက ဆက်ပြောသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအခြေပြုပညာရေးဖွံ့ဖြိုးတိုးတက်မှုအကြံပြုချက်စာတမ်း၊ The End Of Myanmar Education ၊ ရခိုင်ပြည်နယ် အခြေခံပညာကဏ္ဍတိုးတက်ရေးဆိုင်ရာ အကြံပြုချက် စာတမ်း ၊မြန်မာပြည် နီယိုလစ်ဘရယ်ပညာရေး၊အမျိုးသမီးပညာရေးဝန်ထမ်းများဘဝလုံခြုံမှုဆိုင်ရာသုတေသနစစ်တမ်း၊ကမ္ဘာ့ပညာရေးအယူအဆများနှင့်မြန်မာ့ပညာရေးအနာဂတ်အလားအလားစသည့်စာတမ်းများကိုဖတ်ကြားဆွေးနွေးခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly