စည်ပင်တာဝန်ရှိသူများစီးရန် ကားအစီး ၈၀ ဝယ်ယူခွင့်ကို ရန်ကုန်တိုင်း လွှတ်တော်အတည်ပြု

စည်ပင်တာဝန်ရှိသူများစီးရန် ကားအစီး ၈၀ ဝယ်ယူခွင့်ကို ရန်ကုန်တိုင်း လွှတ်တော်အတည်ပြု

ရန်ကုန် ၊ စက်တင်ဘာ ၅ ။      ။ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများတွင် အသုံးပြုရန်မဟုတ်ဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့နယ်ဥက္ကဋ္ဌများ ၊ ကော်မတီဝင်များ ၊ အတွင်းရေးမှူးများ အသုံးပြုရန်အတွက် ကားအစီးရေ ၈၀ ဝယ်ယူခွင့်ကို တိုင်းလွှတ်တော်အမတ်အချို့ ကန့်ကွက်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးခဲ့သည်။

အောက်တိုဘာ ၄ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုသတ်မှတ်ခဲ့ခြင်း လည်းဖြစ်သည်။

မြို့နယ်စည်ပင်ကော်မတီ ၃၃ ခုမှ ရွေးကောက်တင်မြှောက်ခံရသည့် ဥက္ကဋ္ဌ ၃၃ ဦးအတွက် ၃၃ စီး ၊ အဖွဲ့ဝင် နှစ် ဦးအတွက် နှစ်စီး ၊ ရွေးချယ်တင်မြှောက်ခံရသည့် မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၆ ဦး အတွက် ခြောက် စီး ၊ လုပ်ငန်းတာဝန် ၇ ဖွဲ့မှ အတွင်းရေးမှူးများ စီးရန် ၇ စီး ၊ ညွှန်ကြားရေးမှူးနှင့်အထက် တာဝန်ရှိသူများ လုပ်ငန်းသုံးစွဲရန် ၁၅ စီး ၊ နိုင်ငံခြားသား ဧည့်သည် ကြိုဆိုရန် တစ် စီး ၊ အခမ်းအနားများတွင် ကြိုပို့ပြုလုပ်ရန် သုံး စီး ၊ ဝန်ထမ်းကြိုပို့ပြုလုပ်ရန် ၁၃ စီး တို့ဖြစ်သည်။

ယခုကဲ့သို့ အသုံးပြုမည့်ငွေများသည် ပြည်သူ့ဝန်ဆောင်မှုမဟုတ်ဘဲ တစ်ဦးချင်းအသုံးပြုရန် ခွင့်ပြုလိုက်ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာသည်ဟု လွှတ်တော်၌ ကန့်ကွက်ခဲ့သူ ဒဂုံမြို့နယ် အမတ် ဦးကျော်ဇေယျက ဆိုသည်။

“ကျွန်တော်လည်း ထောက်ပြနေတာပဲဗျာ။ ကန့်ကွက်ခဲ့တာပဲ။ ဒါပေမယ့် လွှတ်တော်က အတည်ပြုပြီးသွားပါပြီ” ဟု ဦးကျော်ဇေယျက ဆိုသည်။ဝယ်ယူမည့် ကားများ၏ စုစုပေါင်း ကုန်ကျငွေ တန်ဖိုးမှာ ကျပ် သန်း နှစ်ထောင်ကျော်ခန့် ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများ ဆွေးနွေးစဉ် အဆိုပါ ကားဝယ်ယူမည့် ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့သည်။ သို့သော်လည်း ဥပဒေကြမ်းအား အတည်ပြုခဲ့ခြင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကားများကို ဝယ်ယူခွင့်ရရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly