အီကွေဒေါမှာ လောင်စာဆီ ထောက်ပံ့ကြေး ဖြတ်တောက်တာကို ဆန္ဒပြရာမှ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်

အီကွေဒေါမှာ လောင်စာဆီ ထောက်ပံ့ကြေး ဖြတ်တောက်တာကို ဆန္ဒပြရာမှ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်

ကီတို၊ အောက္တိုဘာ ၅ ။           ။ အီကွေဒေါနိုင်ငံမှာ လောင်စာဆီ ထောက်ပံ့ကြေး ဖြတ်တောက်တာကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ဒုတိယမြောက်နေ့ သောကြာနေ့မှာ နိုင်ငံတစ်ဝန်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ဖရိုဖရဲ ဖြစ်လျက်ရှိပါတယ်။

သမ္မတ လီနင်မိုရီနိုရဲ့ မနိုင်နင်းတဲ့ စီးပွားရေးစီမံမှုတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ပွားပေါ်ပေါက်ရာမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာခံရသူပေါင်းဟာ ၃၅၀ ကျော်ထက်မနည်း ရှိနေပါတယ်။

ခု သီတင်းပတ်အစောပိုင်းက သမ္မတ မိုရီနိုရဲ့ စီးပွားရေး ဖော်ဆောင်မှုတွေအရ ကြာသပတေးနေ့မှာ လောင်စာဆီဈေး ထိုးတက်ခဲ့ပြီးနောက်ပိုင်းမှာ ဘတ်စ်ကားတွေနဲ့ တက္ကစီသမားတွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

 နှစ်တွေအတော်ကြာအောင် လက်ဝဲယိမ်း အုပ်စိုးမှုအောက် ရှိခဲ့ရတဲ့ အီကွေဒေါနိုင်ငံကို သမ္မတ မိုရီနိုကို ဈေးကွက်ပိုမို ဖွင့်လှစ်ပေးတဲ့ လမ်းကြောင်းပေါ် ဆွဲတင်နေပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကို ဖြေရှင်းနိုင်ရေးအတွက် ပေါ်လစီတွေ ချမှတ်ဖော်ဆောင်နေတာဖြစ်ပါတယ်။

ဒီအတွက် ဆယ်စုနှစ်များစွာ ရှိနေတဲ့ လောင်စာဆီ ထောက်ပံ့ကြေးကို ဖြတ်တောက်ပြီး အခွန်ပြုပြင်ပြောင်းလဲမှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ခုလို သမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ဆန္ဒပြကြရာက မတည်ငြိမ်မှုတွေ ဖြစ်ပွားပေါ်ပေါက်ပြီး အရေးပေါ်အခြေအနေ ကြေညာထားရတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly