မျက်နှာဖုံးမဝတ်ရလို့ တားမြစ်လာရာက ဟောင်ကောင်ဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာ

မျက်နှာဖုံးမဝတ်ရလို့ တားမြစ်လာရာက ဟောင်ကောင်ဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာ

ဟောင်ကောင်၊ အောက်တိုဘာ ၅ ။        ။ ဟောင်ကောင်အစိုးရက အောက်တိုဘာ ၉ ရက်နေ့ကနေ စပြီး အသက်ဝင်တဲ့ မျက်နှာဖုံးတွေ မဝတ်ဆင်ရဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပြီးနောက်မှာ စီစဉ်ထားခြင်း မရှိဘဲ ဆန္ဒပြပွဲတွေ အရှိန်မြင့် ဖြစ်ပွားပေါ်ပေါက်လာပါတယ်။

လအတော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ဟောင်ကောင်အကြီးအကဲ ကာရီလမ်းက ကိုလိုနီခေတ် အရေးပေါ်ဥပဒေကို ကျင့်သုံးလာတာပါ။

အဲဒီလို မျက်နှာဖုံးတွေ မဝတ်ဆင်ရဆိုတဲ့ တားမြစ်ချက်ဟာ အောက်တိုဘာ ၁ ရက်နေ့က ဆန္ဒပြပွဲတွေမှာ ရဲတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက်မှာ ပြဌာန်းလာတဲ့ အရေးပေါ် ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

သောကြာနေ့က သတင်းတွေအရ အသက် ၁၄ နှစ်အရွယ် ဆန္ဒပြသူတစ်ဦး ခြေထောက်ကို ပစ်ခတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။

အဲဒီ ပစ်ခတ်ခံရသူကို ဆေးရုံမှာ တင်ထားကုသနေပေမယ့် အခြေအနေ စိုးရိမ်ရပါတယ်။

South China Morning Post ကနေ ဖော်ပြတဲ့ ရဲထုတ်ပြန်ချက်မှာ “ရဲတာဝန်ရှိသူတစ်ဦး အသက်အန္တရာယ် ကြုံတာကြောင့် သေနတ်တစ်ချက် ပစ်ဖောက်ခဲ့ရတယ်။”လို့ အတည်ပြု ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေမှ လူအုပ်တစ်အုပ်ဟာ မီးလောင်ဗုံးတွေ အပါအဝင် ရရာပစ္စည်းတွေနဲ့ တိုက်ခိုက်လာတာကြောင့် ခုလို ပစ်ခတ်လိုက်တာ ဖြစ်တဲ့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပေမယ့် တစ်ဦးဦးကို ထိမှန်သလားဆိုတာမျိုးကို ဖော်ပြထားခြင်း မရှိပါ။

ဟောင်ကောင်အစိုးရက တရုတ်ဆီ တရားခံလွှဲပြောင်းပေးမယ့် ဥပဒေကို ပြဌာန်းဖို့ လုပ်ဆောင်လာတာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ အစိုးရက အဲဒီ ဥပဒေကို ပယ်ဖျက်လိုက်ပေမယ့် ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ မငြိမ်းသွားဘဲ လေးလကျော်ကြာ ဖြစ်ပွားပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly