ဖိလစ်ပိုင်ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေတာကြောင့် ဝက်ကောင်ရေ ၃၀၀၀ နီးပါးကို သုတ်သင်

ဖိလစ်ပိုင်ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေတာကြောင့် ဝက်ကောင်ရေ ၃၀၀၀ နီးပါးကို သုတ်သင်

မနီလာ၊ အောက်တိုဘာ ၄ ။       ။ ဖိလစ်ပိုင်နိုင်ငံမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ အာဖရိက ဝက်တုပ်ကွေးကို ထိန်းချုပ်နိုင်ရေးအတွက် မနီလာမြို့ပြဧရိယာအတွင်းက ဝက်ကောင်ရေ ၃၀၀၀ နီးပါးကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။

အရှေ့တောင်အာရှ ဖိလစ်ပိုင်နိုင်ငံမှာ ခုလို အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားတာကြောင့် သေဆုံးတဲ့ ဝက်ကောင်ရေ နှစ်သောင်းကျော်ထက်မနည်း ရှိနေပြီဖြစ်တယ်လို့ မြို့တာဝန်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။

မြို့ရွာရပ်ဝန်း အကျယ်ပြန့်ဆုံးဖြစ်တဲ့ ကွီဇွန်စီးတီး ဧရိယာမှာ နောက်ဆုံးပျံ့နှံ့ဖြစ်ပွားနေပြီး ရောဂါခြေချုပ်မိနိုင်ရေးအတွက် အချင်းဝက် တစ်ကီလိုမီတာ အဝန်းအဝိုင်းအတွင်းက ဝက်တွေကို ရှင်းလင်းသုတ်သင်တာဖြစ်ကြောင်း မြို့ရှိ တိရစ္ဆာန်ဆေးကုသရေးရုံး အကြီးအကဲ အန်နာမာရီယာက ပြောပါတယ်။

“ဒီ ဧရိယာအတွင်းက ဝက်ကောင်ရေ ၅၀၀၀ လောက်ကို နောက်ထပ် သုတ်သင်ရှင်းလင်းဖို့ ရှိနေပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ကွီဇွန်စီးတီးနဲ့ မြောက်ပိုင်း ပန်ဂါဆီနန်ပြည်နယ်တွေမှာ ခုလို အာဖရိကဝက်တုပ်ကွေး ဖြစ်ပွားမှုအသစ်တွေ တွေ့ရှိပြီးနောက်မှာ သတ်မှတ်ဧရိယာအတွင်းက ဝက်တွေကို သုတ်သင်ရတဲ့ ရောဂါခြေချုပ်တဲ့ စည်းကမ်းကို မလိုက်နာ ဘဲ ပျက်ကွက်သူတွေကို တရားဥပဒေနဲ့ အရေးယူသွားမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက အင်္ဂါနေ့ကတည်းက သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဝက်သားစားသုံးမှု အများဆုံး ဆယ်နိုင်ငံမြောက်ဖြစ်ပြီး ဝက်တင်သွင်းမှု အများဆုံး ခုနစ်နိုင်ငံမြောက်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဇူလိုင်လအထိ ဝက်ကောင်ရေနှုန်းထားဟာ ၁၂ ဒသမ ၇ သန်းနီးပါး  ရှိပါတယ်။

အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားကြောင်း စက်တင်ဘာ ၉ ရက်က စတင်ကြေညာပြီးချိန်ကစပြီး ရောဂါကြောင့် သေဆုံးတဲ့၊ ရှင်းလင်းသုတ်သင်ခံရတဲ့ ဝက်ကောင်ရေပေါင်း နှစ်သောင်းခန့် ရှိပြီ ဖြစ်ပါတယ်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly