မြန်မာ့ထုတ်ကုန်များကို ပြခန်းပေါင်း ၂၀၀ကျော်ဖြင့်ပြသမည့် မြန်မာ့ဂုဏ်ပွဲတော်ပြုလုပ်မည်

မြန်မာ့ထုတ်ကုန်များကို ပြခန်းပေါင်း ၂၀၀ကျော်ဖြင့်ပြသမည့် မြန်မာ့ဂုဏ်ပွဲတော်ပြုလုပ်မည်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်။ အောက်တိုဘာ ၄။         ။  မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၂၀၀ကျော်ဖြင့်ပြသသွားမည့်  မြန်မာ့ဂုဏ်ပွဲတော်ကို  ရန်ကုန်မြို့ရှိ အထင်ကရသမိုင်းဝင်အဆောက်အအုံ ဖြစ်သောဝန်ကြီများရုံးတွင် အောက်တိုဘာ ၄ရက်မှ အောက်တိုဘာ ၆ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ ပွဲတော်တွင် မြန်မာ့ထုတ်ကုန်ပစ္စည်းများအပြင်မြန်မာ့လက်မှုပညာများဖြစ်သည့် ပန်းချီ၊ပန်းပု၊ ရွှေဆိုင်း၊ယက်ကန်း စသည့် လက်မှုပညာပြုလုပ်နေမှုများကိုလည်း တိုက်ရိုက်လေ့လာခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

" ဒီလိုပွဲမျိုးက ဈေးကွက်ရှာပေးရုံတင် မကဘဲနဲ့ချိတ်ဆက်မှုပိုင်းမှာလဲ အင်မတန်အရေးကြီးပါတယ်။ ဒီပွဲမှာSME လုပ်ငန်းတွေဟာ သူတို့ရဲ့ထုတ်ကုန်၊ဈေးကွက်ဖော်ဆောင်မှုတွေ၊ ပရိုမိုးရှင်း လုပ်ပုံတွေကို ကောင်းတဲ့အချက်တွေကို တစ်ယောက်နဲ့တစ်ယောက်သင်ယူပြီးတော့၊ အားသာချက်တွေ ဖြည့်ဆည်း နိုင်မှာပါ" ဟု အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းနှင့်စက်မှုဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ဆိုသည်။

ပွဲတော်ကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ၊ မြန်မာ့ ရိုးရာအကအလှများ၊တိုင်းရင်းသား အကအလှများပါဝင်မည်ဖြစ်ပြီး၊ Project-K အဖွဲ့၏ ဖျော်ဖြေမှု လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာထုတ်ကုန်များသည် အရည်အသွေးနှင့်ထုတ်ပိုးမှုပိုင်းများ၌နိုင်ငံတကာ ထုတ်ကုန်များနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိပြီဖြစ်၍ နိုင်ငံတကာထုတ်ကုန်များအစား မြန်မာ့ထုတ်ကုန်များကို နိုင်ငံသားအချင်းချင်း ပိုမိုအားပေးစေနိုင်ရန်ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြည်ပခရီးသွား ဧည့်သည်များအကြားတွင်လည်း တွင်ကျယ်စွာပျံနှံစေရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

"  မြန်မာပြည်ရဲ့ယဉ်ကျေးမှု၊ ထုတ်ကုန်အတွက်ရော၊ ပြီးတော့ ခရီးသွားမြှင့်တင်မှုပေါ့။ မြန်မာပြည်မှာ နိုင်ငံခြားခရီးသွားတွေ နောက်ဆုံးလာ ကြည့်နိုင်တဲ့၊ ရန်ကုန်မြို့ကြီးရဲ့ ခရီးသွားဆွဲဆောင်မှု နေရာ တစ်ခုအနေနဲ့ ရပ်တည်သွားဖို့လည်းရည်ရွယ်ပါတယ်။ပြီးတော့ ပို့ကုန်မြှင့်တင်ရေး အတွက်လည်း ရည်ရွယ်ပါတယ်" ဟု ဝန်ကြီးများရုံးဟောင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒါက်တာမောင်မောင်သိမ်း ကဆိုသည်။

ယခင်က အာဇာနည်နေ့ကဲ့သို့ ထူးခြားသည့်နေ့တွင်သာ ဝင်ရောက်လေ့လာလည်ပတ်ခွင့်ပြုခဲ့သည့် သမိုင်းအမှတ်တရများစွာရှိခဲ့ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ကျော်က တည်ဆောက်ခဲ့သည့် ဝန်ကြီး များရုံးကို အများပြည်သူလာရောက်လေ့လာနိုင်စေရန် ပြည်တွင်း၊ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်း၍ ပြန်လည် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required