မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကို မူးယစ်ဆေးပြား လေးသန်းကျော်နှင့်အတူ “ဝ” အဖွဲ့ဖမ်းဆီး

မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကို မူးယစ်ဆေးပြား လေးသန်းကျော်နှင့်အတူ “ဝ” အဖွဲ့ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၄ ။         ။ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကို စိတ်ကြွမူးယစ်ဆေးပြား (WY) ၄.၈သန်းနှင့်အတူ “ဝ” အဖွဲ့(UWSA) မှ အောက်တိုဘာ ၂ ရက်နေ့တွင် အပြန်အလှန်ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း UWSA လားရှိုးမှ ဆက်ဆံ ရေးတာဝန်ခံ ဦးညီရန်းကပြောသည်။

“ပြောလို့ရတာက သူတို့ကယိုးဒယားတစ်ဖက်ကမ်းကိုသယ်သွားမယ်ပေါ့။  ကျွန်တော်တို့က ကြိုတင် သတင်းရတာနဲ့ စောင့်ဆိုင်းမှုတွေလုပ်ပြီး ဖမ်းဆီးရမိတာပါ” ဟု ဦးညီရန်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာတစ်ရက်နေ့တွင် စိတ်ကြွမူးယစ်ဆေးပြား(၁၈)သိန်းခန့် နှင့် မူးယစ်ဂိုဏ်းမှ လူအချို့အားပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်မှောင်ခိုဂိုဏ်းဝင်များအား ဆက်လက်လိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာနှစ်ရက် ညနေပိုင်းတွင် ထွက်ပြေးသွားသူများအား တွေ့ရှိကာ အပြန်အလှန် ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး စုစုပေါင်း မူးယစ်ဆေးပြား ၄.၈ သန်းကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ဝ” အဖွဲ့သည် ယခင်ကမူးယစ်မှုတရားခံများဖမ်းဆီးရမိလျှင် အချို့ကိုအစိုးရဘက်သို့ ပြန်လည် လွှဲပေးလေ့ရှိသော်လည်း ယခုဖမ်းမိသူများကို ပြန်လွဲ၊ မလွဲအား မသိရှိရသေးဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ဖမ်းဆီးမှုကို UWSA (၁၇၁) စစ်ဒေသတပ်စုမှူးဦးဆောင်သည့်အဖွဲ့မှ သွားရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ တစ်ရက်နေ့တွင် မူးယစ်မှောင်ခိုဂိုဏ်းဘက်မှ နှစ်ဦးသေဆုံးကာ ရှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် မူးယစ်မှောင်ခိုဂိုဏ်းဘက်မှ ခြောက်ဦး သေဆုံး ကာ အရှင်တစ်ဦး ဖမ်းဆီးနိုင်ခဲ့သည်ဟု UWSA မှထုတ်ပြန်သည်။

ထို့အပြင် M-16 (ကျည် ဆံ ၄၀) တစ်လက်၊ဗုံးသီး နှစ်လုံး၊တူမီးသေနတ် သုံးလက်နှင့်M-20 ပစ္စတိုတစ် လက်တို့အား ထပ်မံဖမ်းဆီးရမိပြီး ကျန်ထွက်ပြေး လွတ်မြောက်နေသည့်မူးယစ်ဂိုဏ်းဝင်များအား ဆက်လက် ရှာဖွေနေသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly