မကွေး မြသလွန်စေတီတော်တွင် ၃၁ကြိမ်မြောက် ဆီမီးကိုးထောင် ပူဇော်မည်

မကွေး မြသလွန်စေတီတော်တွင် ၃၁ကြိမ်မြောက် ဆီမီးကိုးထောင် ပူဇော်မည်

အောက်တိုဘာ ၄ ရက်။         ။ မကွေးမြို့၏သမိုင်းဝင် မြသလွန်စေတီတော်ကို သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ဒေသထွက်နှမ်းဆီပိသာ၂၃၀နှင့် ဆီမီးကိုးထောင်ပူဇော်မည် ဖြစ်ကြောင်း မြသလွန်ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း(၁၀)ရက်နေ့မှ သီတင်းကျွတ်လကွယ်နေ့အထိ ရက်ပေါင်း(၂၀)ကြာ ပွဲတော်ကျင်းပခြင်းဖြစ်သည်။

ပွဲတော်ကာလအတွင်း ဗုဒ္ဓအဘိသေကအနေကဇာတင်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ လပြည့်နေ့မနက်ပိုင်းတွင် ဆွမ်းကပ်လှူခြင်းနှင့် ပန်းကိုးထောင်၊နံ့သာကိုးထောင် ကပ်လှူခြင်းနှင့် ဆီမီးကိုးထောင်ကပ်လှူမှုများ ပြုလုပ်မည်ဟု ဂေါပကအဖွဲ့ဝင် ဦးအောင်ဆန်းထံက သိရသည်။

“မြသလွန်စေတီတော်ကို မကွေးဒေသထွက်နှမ်းဆီပိသာ၂၃၀နဲ့ ဆီမီးပူဇော်သွားမှာဖြစ်တယ် ရာသီဥတုဖောက်ပြန်ပြီး မိုးရွာရင်လည်း ကြိုတင်ပြင်ဆင်ထားတယ်၊ ဘုရားအောက်ခြေနဲ့ ဘေးပတ်လည်ကို ထွန်းတာဖြစ်ပြီး မြသလွန်ဘုရားမှာရှိတဲ့ အသင်း(၁၅)သင်းက စုပေါင်းပြီးမီးပူဇော်တာပါ။ နှစ်စဉ်ဆီပိသာချိန်(၂၃၀)နဲ့ထွန်းတာဖြစ်တယ် တခြားကလာလှူတဲ့သူတွေဆိုတော့ ပိသာချိန်တိုးသွားတာတွေလည်းရှိတယ် “ ဟု ဦးအောင်ဆန်းက ပြောသည်။

ယခုနှစ် မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သည် ၂၅၈၃ကြိမ်မြောက်ဖြစ်ပြီး ဆီမီးထောင်ထွန်းခြင်းသည် ၃၁ ကြိမ်မြောက်ဖြစ်သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly