တင်ပါးပေါ်က အကြောပြတ်ရာတွေကြောင့် စိတ်ညစ်နေရပြီလား

တင်ပါးပေါ်က အကြောပြတ်ရာတွေကြောင့် စိတ်ညစ်နေရပြီလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အကြောပြတ်ရာဆိုတာ ဘာလဲ။

ကျွန်တော်တို့ ကိုယ်ခန္ဓာတစ်ခုလုံးကို အေရျပားတွေနဲ့ ဖုံးလွှမ်းထားတာဖြစ်ပါတယ်။ ဒီအရေပြားကို အလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး Dermis Layer လို့ခေါ်တဲ့ အရေပြားအောက်အလွှာက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မိသွားတဲ့အခါ အမာရွတ်အနေနဲ့ဖြစ်သွားပြီး အကြောပြတ်ရာတွေ ကျန်ခဲ့တာ ဖြစ်ပါတယ်။
အကြောပြတ်ရာကို ဘယ်နေရာမှာ အများဆုံးတွေ့ရလဲ။

ခန္ဓာကိုယ်နေရာအနှံ့ တွေ့နိုင်တယ်ဆိုပေမယ့် အများဆုံးတွေ့ရတဲ့ နေရာတွေကတော့

  •     တင်ပါး
  •     လက်မောင်း အောက်
  •     ရင်ဘတ်
  •     ကျော
  •     ခြေသလုံး
  •     ပေါင်တံ
  •     ဝမ်းဗိုက်တွေပဲ ဖြစ်ပါတယ်။

ဘာကြောင့် အကြောပြတ်ရာ ဖြစ်လာတာလဲ။

လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်မိတာ၊ အေလးမတာ၊ ထိုင်ထလုပ်တာတွေအပြင် မျိုးရိုးဗီဇကြောင့်၊ အရေပြားလိမ်းဆေးတွေကို စွဲပြီးလိမ်းတဲ့အခါမှာ အရေပြားအောက်အလွှာတစ်သျှူးတွေ ပျက်စီးပြီး အကြောပြတ်ရာတွေ ထင်ကျန်နေခဲ့ပါတယ်။ လူပျို၊ အပျိုဖော်ဝင်ကာစအရွယ်၊ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းကြောင့်လည်း အကြောပြတ်ရာတွေ ပေါ်လာတတ်ပါတယ်။

အကြောပြတ်ရာက ကျန်းမာရေးအရ ကြီးကြီးမားမား ပြဿနာမရှိပေမဲ့ အလှအပရေးရာမှာတော့ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ထိခိုက်စေလောက်တဲ့အထိ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကြောပြတ်ရာတွေက စဖြစ်ပြီဆိုတာနဲ့ ဘာမှမလုပ်ဘဲထားထားလိုက်ရင် တစ်သက်လုံး အဲ့အတိုင်းပဲ ကျန်နေခဲ့မှာမို့လို့ပါပဲ။ အထူးသဖြင့် အတိုအပြတ်ဝတ်ရမှာ ကြိုက်တဲ့မိန်းကလေးတွေအတွက်တော့ အလှပျက်စရာ ကိစ္စပဲပေါ့။ ဒီနေ့ဆောင်းပါးမှာတော့ တင်ပါးပေါ်မှာ ဖြစ်လာတဲ့ အကြောပြတ်ရာတွေကို လျင်မြန်စွာ ကုသပေးနိုင်မယ့် အိမ်တွင်းကုထုံးတွေနဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။
အကြောပြတ်ရာ ပျောက်စေဖို့ နည်းလမ်းများ
၁။ သဘာဝဆီသန့်တွေနဲ့ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။

သံလြင္ဆီ၊ အုန်းဆီ၊ အော်လ်မွန်စေ့အဆီတွေဟာ အရေပြားကို နဂိုအတိုင်း ချောမွေ့လာစေတဲ့အပြင် ဒီလိုအကြောပြတ်ရာတွေကိုလည်း ဖြည်းဖြည်းချင်းမှိန်သွားစေပြီး ပျက်စီးနေတဲ့ အရေပြားတစ်သျှူးကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဆီတွေကို လိုသလောက် ပမာဏ လက်ပေါ်မှာထည့်ပြီး တင်ပါးနေရာတစ်ဝိုက်ကို အရင်ဆုံးနှံ့နေအောင် ပွတ်လိမ်းပေးရပါမယ်။ ပြီးသွားမှ အကြောပြတ်ရာ ရှိတဲ့နေရာတွေကို လက်မနဲ့ ဖြည်းဖြည်းချင်းဖိပြီး နှိပ်နယ်ပေးပါ။ နေ့တိုင်း တစ်ကြိမ်၊ နှစ်ကြိမ် လိမ်းပေးရုံနဲ့ သိသိသာသာ ပြောင်းလဲသွားတဲ့ ရလဒ်ကို မြင်ရမှာပါ။
၂။ ရေများများသောက်ပါ။

အကြောပြတ်ရာတွေ ပေါ်ကာစဆိုရင် ဒီပျက်စီးသွားတဲ့ အရေပြားတစ်သျှူးကို အမြန်ဆုံး ပြုပြင်ဖို့ အရေပြားက ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း အသစ်အတိုင်းဖြစ်အောင် ကူညီပေးတယ်။ ကော်လဂျင်ဆဲလ်ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးလို့ အသားအရေကို ဖြူစင်ဝင်းပစေနိုင်ပါတယ်။ ပြီးတော့ ရေဓာတ်ခမ်းခြောက်တဲ့ အသားအရေဟာ အကြောပြတ်ရာထင်ဖို့ ပိုလွယ်ကူတယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။ ဒါကြောင့် ရေသန့်ကို တစ်နေ့ ၃လီတာခန့် အနည်းဆုံးသောက်ပေးဖို့တော့ လိုမယ်နော်။
၃။ ရှားစောင်းလက်ပပ်အနှစ်နဲ့ လိမ်းပေးပါ။

အရေပြားအတွက် အိမ်တွင်းကုထုံးလို့ဆိုလိုက်ရင် ရှားစောင်းလက်ပပ်က မပါမဖြစ် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းပြီး အသားအရေကို အေးမြစိုပြေစေတယ်။ ပျက်စီးနေတဲ့ တစ်သျှူးတွေကိုလည်း ပြုပြင်ပေးလို့ အကြောပြတ်ရာတွေ သက်သာအောင် ကူညီပေးနိုင်တယ်။ အစိုဓာတ်ထိန်းပေးလို့ အရေပြားခြောက်သွေ့ကွဲအက်တာတွေ မဖြစ်စေဘူး။ အဲ့တော့ အကြောပြတ်ရာဆိုတာလည်း အလွယ်တကူဖြစ်မလာနိုင်တော့ဘူးပေါ့။ သဘာဝရှားစောင်းလက်ပပ်ကနေ ထွက်လာတဲ့ အနှစ်ကိုလိမ်းပေးလို့ ရသလို ရှားစောင်းလက်ပပ် ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို လိမ်းပေးလို့လည်း ရပါတယ်။
၄။ အစာအာဟာရကို ဂရုစိုက်ပေးပါ။

အသားအရေကို ပြုပြင်ပေးဖို့အတွက် အလိုအပ်ဆုံး အာဟာရဓာတ်တွေကတော့ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ပဲ ဖြစ်ပါတယ်။ ဗီတာမင် စီ ကို အချဉ်အရသာရှိတဲ့ အသီးအနှံတွေကနေ အများဆုံး ရရှိပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့ နေရာမှာ ကူညီပေးပါတယ်။ ဗီတာမင် အီးကိုတော့ အစေ့အဆန်နဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပြီး ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို ပြုပြင်ပေးရင်း အသားအရေကြည်လင်ပြီး အစိုဓာတ်ထိန်းပေးဖို့ ကူညီပေးပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာကနေ အာဟာရ ရရှိမှုမလုံလောက်ဘူးလို့ သံသယရှိတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဗီတာမင် အားဆေးကိုပါ တွဲသောက်ပေးလို့ရပါတယ်။

နောက်ထပ်အရေးကြီးတာ တစ်ခုကတော့ အကြောပြတ်ရာတွေအတွက် အဓိကထုတ်ပေးထားတဲ့ ခရင်မ် (Stretch Mark Cream) တွေကို သုံးပေးဖို့ပါပဲ။ အကြောပြတ်ရာဆိုတာ ဖြစ်ကာစမှာ အသားအရေထိန်းသိမ်းတာမျိုး လုပ်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ပါတယ်။ ဒီခရင်မ်တွေက အကြောပြတ်ရာအတွက် သီးသန့်လိမ်းပေးသင့်တဲ့ ခရင်မ်တွေ ဖြစ်ပြီး အရေပြားဆရာဝန်ရဲ့ ဆေးအညွှန်းနဲ့မှ လိမ်းပေးတာ အကောင်းဆုံးပါပဲ။ Tretinoin, Trofolastin, Alphastria, Silicone ခရင်မ်တွေကတော့ အကြောပြတ်ရာအတွက် အကောင်းဆုံးပါပဲ။ ရေချိုးပြီးတဲ့အချိန်တိုင်း တင်ပါးနေရာကို ခြောက်နေအောင် သုတ်ပြီးမှ ခရင်မ်ကို စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပေးရမှာပါ။ တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။

ကဲ ဒါဆိုရင် အကြောပြတ်ရာတွေကြောင့် စိတ်မလုံသလို ဖြစ်နေတဲ့သူတွေလည်း ဒီနည်းလမ်းတွေကို အမြန်ဆုံး လုပ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly