ရင်သားလျော့တွဲနေတာကို ပုံကျလာစေမယ့် သဘာဝနည်း (၄) ခု

ရင်သားလျော့တွဲနေတာကို ပုံကျလာစေမယ့် သဘာဝနည်း (၄) ခု

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ခန္ဓာကိုယ်အချိုးအစားပုံကျလှပဖို့က အလှအပကိုတန်ဖိုးထားတဲ့မိန်းကလေးတိုင်းရဲ့ဆန္ဒဖြစ်မှာပါ။ ရှိသင့်တဲ့အချိုးအစားအတိုင်း အချိုးကျနေဖို့ဆိုရင်တော့ ရင်သားတင်းရင်းလှပမှုကလည်း အရေးပါပါတယ်။ ဒါ့ကြောင့်မိန်းကလေးတွေက ရင်နဲ့တင် တက်ဖို့ ၊ အချိုးကျလှပဖို့ (ပြောရရင် ကိတ်ဖို့ပေါ့) ဂျင်မ်တွေမှာ အားကစားလုပ်ရင်း ကြိုးစားကြပါတယ်။

မကိတ်သေးတဲ့သူတွေက ကြိုးစားရင်ရပေမယ့် ရင်ရှိပြီးသား မိန်းကလေးတွေမှာ တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့၊ ဥပမာ – ကိုယ်ကျပ်အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုး၊ ကိုယ့်အိမ်မှာဆို အတွင်းခံမဝတ်ဘဲ နေတတ်တဲ့အကျင့်မျိုးတွေက ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။
ဘာလို့ ရင်သားလျော့တွဲရတာလဲ

အသက်အရွယ်ကြောင့်ဒီလိုဖြစ်လာတာက သဘာဝဆိုပေမယ့် လူငယ်တွေမှာရော ဘာလို့ဖြစ်လာရလဲ။ ဒီအချက်တွေကြောင့် ရင်သားလျော့တွဲစေနိုင်ပါတယ် –

  •     ကိုယ်ဝန်ဆောင်ခြင်း
  •     ဆေးလိပ်သောက်ခြင်း
  •     ရင်သားအရွယ်အစားကြီးခြင်း
  •     ကိုယ်အလေးချိန်အများကြီးကျဆင်းသွားခြင်း
  •     ကိုယ်အလေးချိန်များခြင်း
  •     နေရောင်ခြည်ထိတွေ့မှုများခြင်း
  •     သွေးဆုံးခြင်း
  •     ပြင်းထန်တဲ့အားကစားလေ့ကျင့်ခန်းတွေလုပ်ခြင်း၊ စတာတွေပါဝင်ပါတယ်။

ဒီတော့ အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ နေထိုင်ပုံလွဲမှားလို့ပဲဖြစ်ဖြစ်၊ ဘေဘီလေးမွေးထားလို့ပဲဖြစ်ဖြစ် လျော့တွဲမှုပြဿနာဖြစ်လာတဲ့လေဒီတွေအတွက် အလှပြုပြင်ခွဲစိတ်တာလုပ်စရာမလိုတဲ့ အရိုးရှင်းဆုံးနည်းလမ်းလေးခုကို ပြောပြချင်ပါတယ်။
(၁) လေ့ကျင့်ခန်း

ရင်သားမှာ ကြွက်သားမရှိတဲ့အတွက် ရင်သားတစ်ရှူးတွေကို တင်းရင်းလာစေဖို့လေ့ကျင့်ခန်းနဲ့လုပ်ယူလို့မရပါဘူး။ ဒါပေမယ့် ရင်သားအောက်နားမှာ တွယ်ဆက်တစ်ရှူးနဲ့ကြွက်သားတွေရှိတာကြောင့် ရင်သားဝန်းကျင်တစ်ခုလုံးရဲ့အသွင်အပြင်ကို ပိုကောင်းမွန်လာစေဖို့ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ သတိထားဖို့က အဆီချလေ့ကျင့်ခန်းတွေလို အားစိုက်ရတဲ့ခပ်ကြမ်းကြမ်းလေ့ကျင့်ခန်းတွေမလုပ်ဖို့ပါ။ ဒီနေရာမှာတော့ ပုံမှန်နှုန်းလောက်နဲ့ လုပ်လို့ရပါတယ်။ အားကစားထရိန်နာတွေဆို လေ့ကျင့်ခန်းတွေအများကြီး အနီးကပ်သင်ပြပေးနိုင်ပေမယ့် ကိုယ့်ဘာသာလုပ်မယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေက အဆင်ပြေစေပါလိမ့်မယ်။ ကိုယ်လုပ်နေကျတွေတောင် ပါနေနိုင်တယ်နော်-
   ဒိုက်ထိုးတာ
    ရေကူးတာ

    ဝိတ်တုံးမတာ ( အိမ်မှာပဲကစားဖို့ ဝိတ်တုံးအကြီး၊အသေးတော့ဝယ်ထားသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ ပြင်ညီခုံရှည်တစ်ခုပေါ် ပက်လက်လှဲမယ်၊ ခြေထောက်ကိုတွဲလွဲချထားလျက်လေးနော်။ ပြီးရင် ကိုယ်နိုင်သလောက် ဝိတ်တုံးအကြီးကို တစ်ဖက်စီကိုင်ပြီး မြှောက်လိုက်၊ ရင်ဘတ်နားထိ ချလိုက်လုပ်ပါမယ်။ သိပ်မမြန်ပါနဲ့၊ ခပ်ဖြည်းဖြည်းပါလုပ်ပါ)
    ရေကူးတာ
    အလေးတုံးနောက်ပြန်မြှောက်တာ( ခြေထောက်နှစ်ဖက်ကို ခွဲထားပြီး လက်တစ်ဖက်စီမှာ အလေးမတုံး တစ်ပေါင်တုံး ဒါမှမဟုတ် တစ်လီတာဆန့် ရေသန့်ဗူး တစ်ဗူး ကိုင်ထားပါ။ ပြီးရင် လက်ကို အပေါ်သို့တန်းတန်းမြှောက်ပါ။ တံတောင်ဆစ်ကွေးပြီး လက်ကို ခေါင်းအနောက်ဘက်ကို ပို့လိုက်ပါ၊ ပြန်မြှောက်၊ပြန်ချ ခပ်ဖြည်းဖြည်း ငါးကြိမ်လုပ်ပါ။ ကိုယ့်ခေါင်းကို ပြန်မထုမိအောင်တော့ သတိထားပေါ့နော်)

(၂) အစားအသောက်နဲ့အာဟာရ

ညီညွတ်မျှတတဲ့ အာဟာရတွေစားသောက်ဖို့ကြိုးစားပါ။ ကိုယ်အလေးချိန်ကိုလည်း မများ၊ မနည်းအောင်ထိန်းရဦးမယ်လေ။ လူကဝလာပြီး တင်းရင်းလှပချင်လို့မရသလို အာဟာရတွေပြည့်စုံအောင်မစားဘဲ အရေပြားတွေလျော့ရဲနေပြီး ဒီလိုလှချင်လို့လည်းမရပါဘူး။ အဆီလျှော့စားပြီး အသီးအရွက်များများစားပါ။ အရေပြားတင်းရင်းမှုနဲ့ ရင်သားတစ်ရှူးသန်မာလာအောင် ရေကိုပြည့်ဝအောင်သောက်ပါ။
(၃) ကိုယ်နေဟန်ထား

လက်ပြင်ကုန်းတာ၊ ခါးကိုင်းပြီးနေတတ်တာ စတဲ့ ကိုယ်နေဟန်ထားတွေကြောင့် ရင်သားတွေကို ပိုလျော့တွဲစေနိုင်ပြီး ရင်သားတစ်ရှူးတွေအပေါ်ဖိအားပိုများစေတာကြောင့် လျော့တွဲမှုကိုပိုဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အရွတ်တွေ၊ ကြွက်သားတွေအပေါ်မှာဝန်ပိစေတာ နည်းနိုင်သမျှနည်းစေတဲ့ အနေအထားမျိုး နေထိုင်တတ်ဖို့ ကျင့်ယူသင့်ပါတယ်။ ကိုယ်နေဟန်ထားကျော့ရှင်းတယ်ဆိုတာ အလှအပအတွက်ချည်းမဟုတ်သလို ကျန်းမာရေးအတွက်လည်း အကျိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခါးကို မတ်မတ်ထား၊ ပခုံးကို ဖြောင့်အောင်နေတာနဲ့တင် အဆင်ပြေနိုင်ပါတယ်။
(၄) အထောက်အကူ

ရင်သားကို အတင်းဖိကျပ်ထားတာ၊ ချောင်နေတာတွေမဟုတ်ဘဲ အရည်အသွေးကောင်းပြီး ကိုယ်နဲ့ကွက်တိ ဘရာဇီယာနဲ့မှ အထောက်အကူဖြစ်စေမှာပါ။ လူက ပိန်သွားသည်ဖြစ်စေ၊ ဝလာသည်ဖြစ်စေ လက်ရှိမှာတော်မယ့်၊ ကိုက်ညီမယ့်အတွင်းခံကို ရွေးချယ်ဝတ်ပါ။ ရင်ကို ပင့်တင်ပေးတဲ့ အတွင်းခံတွေကိုလည်း ရွေးချယ်ဝတ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly