TNLA မှ ပြန်လွှတ်ပေးလိုက်သည့် ရဲ လေးဦးအား ဌာနတွင်း စစ်ဆေးနေ

TNLA မှ ပြန်လွှတ်ပေးလိုက်သည့် ရဲ လေးဦးအား ဌာနတွင်း စစ်ဆေးနေ
Photo - EPA

ရန်ကုန် ၊ အောက်တိုဘာ ၃။      ။ တအာင်းအဖွဲ့TNLA မှ ဖမ်းဆီးသွားခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်သည့် ရဲတပ်ဖွဲ့ဝင်လေးဦးကိုလုပ် ထုံးလုပ်နည်းအရဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့၊ဖွဲ့စည်းပြီးစစ်ဆေးနေသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က မဇ္ဈိမသို့ ပြောသည်။

“လုပ်ထုံးလုပ်နည်းအတိုင်းပဲ၊ သူတို့ဘာကြောင့်သွားလဲ၊ ဘယ်လိုဖြစ်လဲ၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ် အမှန်ပေါ်ပေါက်ဖို့အတွက် ဌာနတွင်းစုံစမ်းစစ်ဆေးရေးဖွဲ့ပြီး လုပ်နေတာပဲ” ဟု ၎င်းကဆိုသည်။

တာမိုးညဲမြို့နယ် မုံးစီးရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ဇင်ထိုက် ၊ ဒုရဲအုပ် တင်စိုး ၊ တပ်ကြပ်ကြီး စောသက်နိုင် နှင့် ဒုတပ်ကြပ်ကျော်မင်းထိုက်တို့ကို နမ့်ဆာနှင့် နမ့်မောကျေးရွာကြားတွင် စက်တင်ဘာ ၂၉ ရက်နေ့က TNLA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အားဖမ်းဆီးချိန်တွင် အရပ်ဝတ်နှင့်ဖြစ်ပြီး လက်ပစ်ဗုံးများ ငွေကြေးကောက်ခံသည့် ပြေစာများ တွေ့ရှိ ခဲ့ကြောင်း TNLA ဘက်က မီဒီယာများသို့ ဖြေဆိုထားသည်။
ယင်းတို့အား ဖမ်းဆီးသွားပြီးနောက် TNLA အဖွဲ့မှ လေးရက်အကြာ အောက်တိုဘာ ၂ ရက်နေ့က ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

တာမိုးညဲမြို့နယ် မုံးစီးဒေသ၌ TNLA ၊ MNDAA၊ KIA စသည့် အဖွဲ့များ လှုပ်ရှားသည့် ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly