တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်၍ လူ ၆ ဦး သေဆုံးပြီး လူတစ်ချို့ ပျောက်ဆုံးနေ

တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်၍ လူ ၆ ဦး သေဆုံးပြီး လူတစ်ချို့ ပျောက်ဆုံးနေ

အောက်တိုဘာ ၃ ။       ။ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Mitag တောင်ကိုရီးယားကို ဝင်ရောက်ပြီးနောက်ပိုင်း အနည်းဆုံး လူ ခြောက်ဦး သေဆုံးပြီး လူတစ်ချို့လည်း ပျောက်ဆုံးနေလျက် ရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန်းကြောင့် ယင်းနိုင်ငံမှာ မိုးသည်းကြီးမည်းကြီး ရွာတာ၊ လေပြင်းကျတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းမုန်တိုင်းကတော့ အောက်တိုဘာ ၂ ရက် ညပိုင်းက နိုင်ငံ တောင်ပိုင်း ဒေသတွေမှာ တိုက်ခတ်ခဲ့ပြီး မုန်တိုင်းသင့် ဒေသတွေမှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်း ဝင်ပြီးနောက် အနည်းဆုံး လူ ခြောက်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေလည်း ရှိနေဆဲ ဖြစ်တဲ့အတွက် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်း ကျရောက်ခဲ့တဲ့ ဧရိယာတွေအနက် တစ်ခုဖြစ်တဲ့ ဆိပ်ကမ်းမြို့ ဘူဆန် မှာလည်း မြေပြိုမှုတစ်ခုအတွင်း ပိတ်မိနေတယ်လို့ ယုံကြည်ရသူ လေးဦးခန့်ကို ကယ်ဆယ်ရေးသမား  ၆၀၀ ခန့်က ဝိုင်းဝန်းကြိုးပမ်း ရှာဖွေနေကြလျက် ရှိပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အလုံး ၁၀၀ ကျော်လောက် ရေလွှမ်းမိုးခံလိုက်ရပြီး မိသားစုပေါင်း ၁,၅၀၀ လောက်လည်း နေအိမ်တွေကို စွန့်ခွာခဲ့ကြရကြောင်း တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Mitag ကတော့ ယခုနှစ်အတွက် ၁၈ ခုမြောက် တိုင်ဖွန်းဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ခုနစ်ခုမြောက် မုန်တိုင်းလည်း ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly