မူးယစ်ဆေးဝါးရောင်းချနေသော လက်ကြီးများကို ဖော်ထုတ်အရေးယူနိုင်ခဲ့ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ပြော

မူးယစ်ဆေးဝါးရောင်းချနေသော လက်ကြီးများကို ဖော်ထုတ်အရေးယူနိုင်ခဲ့ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ပြော
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ ၃  ။          ။ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ရှိ မြို့နယ်လေးခုမှ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေသည့် လက်ကြီးများကို ယခုနှစ်အတွင်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မျိုးမြင့်က ပြောသည်။

မြိတ်မြို့တွင် ကျင်းပခဲ့သော (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနား၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့ အနေနဲ့ ဒီနှစ်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရောင်းချ ဖြန့်ချီ နေတဲ့ဒိုင်ကြီးတွေဖြစ်တဲ့ WY စိတ်ကြွဆေးပြား နှစ်သိန်းကျော်အထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ နောက်ပြီး သိန်းပေါင်း ငါးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်”ဟု ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်ကပြောသည်။

မြိတ်မြို့တွင် မူးယစ်ဆေးဝါးများကို လူငယ်ပိုင်းနှင့်ရေလုပ်သားများက အများဆုံး ရောင်းဝယ်သုံးစွဲ နေပြီး၊ မကြာခဏဖမ်းဆီး အရေးယူမှုများ ရှိနေကြောင်း ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း (၃၃၆)မှု ဖမ်းဆီးအရေးယူခဲ့ပြီးတရားခံပေါင်း (၆၈၁) ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း (၃၁၀)မှုနှင့် တရားခံပေါင်း (၄၃၆) ဦးကို အရေးယူခဲ့ကြောင်း ယခုနှစ်၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ မူးယစ်ဆေးဝါး အမှု(၃၃၃)မှုကို ထပ်မံဖော်ထုတ် အရေးယူဆောင်ရွက် နိုင်ခဲ့ပြီး တရားခံပေါင်း (၄၅၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင် မိသားစုများအား ဆုချီးမြှင့်ခြင်း၊ ရဲတပ်ဖွဲ့ လုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဆရာဝန် နှင့်မှုခင်းများဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင်သည့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မူးယစ် ဆေးဝါး ဆန့်ကျင်ရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီ၊လုပ်ငန်းရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုများ ချီးမြှင့်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly