ဒီမိုကရေးစီသို့ အမြန်ပြန်သွားရန် ထိုင်းကို အမေရိကန် ထပ်မံတောင်းဆို

ဒီမိုကရေးစီသို့ အမြန်ပြန်သွားရန် ထိုင်းကို အမေရိကန် ထပ်မံတောင်းဆို

ဘန်ကောက်၊ အောက်တိုဘာ ၁၆ ။             ။ လက်ရှိတည်ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံး တိုးတက်လုပ်ဆောင်ရန် ကတိပြုသော်လည်း လမ်းပြမြေပုံအရ ဒီမိုကရေစီသို့ အမြန်ဆုံးပြန်သွားရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်က ထပ်မံတောင်းဆိုခဲ့သည်။

အမေရိကန်သံအမတ်ကြီး ဂလင်းဒေးဗီးစ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွီနိုင်ကို အောက်တိုဘာ ၁၅က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးရေးအပါအဝင် များပြားလှသည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သံအမတ်က ပြောသည်။

နှစ်ပေါင်း ၁၈၀ကျော်ပြီဖြစ်သော နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်ထပ်အားကောင်းစေရန့်အမေရိကန်က နည်းလမ်းများရှာဖွေနေသည်ဟုလည်း ၎င်းက ပြောသည်။

"ဒီမိုကရေစီစနစ်ကို အမြန်ပြန်သွားပြီး ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းရေး ထိုင်းနိုင်ငံက ဆက်လက်လုပ်သွားမည်လို့ ကျွန်တော်တို့(အမေရိကန်တွေ) မျှော်လင့်ပါတယ်"ဟု မစ္စတာဒေးဗီးစ်က ပြောသည်။

"အမေရိကန်နဲ့ ထိုင်းကြားက ဆက်ဆံရေးက အသက်သွေးကြောတမျှအရေးပါတယ်။ အရေးကြီးတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့အတွက် အများကြီးပါ"ဟု ၎င်းက ထပ်မံပြောသည်။

ရာသီဥတုပြောင်းလဲမှု၊ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းအခြေချမှုနှင့် လူငယ်များအပြန်အလှန်သွားရောက်သည့် အစီအစဉ်များအပါအဝင် မစ္စတာဒွန်ှနှင့် ကျယ်ပြန့်သည့်ကိစ္စရပ်များစွာ ဆွေးနွေးခဲ့ပြီး ကောင်းမွန်သည့်ပြောဆိုမှုဖြစ်ခဲ့ပါကြောင်း အမေရိကန်သံအမတ်က ပြောသည်။

လူကုန်ကူးမှုပြသနာများနှင့် တရားမဝင်ငါးဖမ်းမှုများကို ကိုင်တွယ်ရန် အမေရိကန်က ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း မစ္စတာဒေးဗီးစ်က ပြောသည်။

အမေရိကန်သည် ၎င်း၏ နှစ်ပတ်လည်လူကုန်ကူးမှုအစီအရင်ခံစာတွင် ထိုင်းနိုင်ငံအား အနိမ့်ဆုံးအဆင့်တွင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံသည် ယင်းပြသနာအားကိုင်တွယ်ရာတွင် သိသာသည့် တိုးတက်မှုများမရှိခဲ့ဟု သုံးသပ်ခဲ့သည်။

"ကမ္ဘာကြီးက ပြောင်းလဲခဲ့သလို ကျွန်တော်တို့ရဲ့ ဆက်ဆံရေးသဘာဝလည်း ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးရဲ့ မရှိမဖြစ်အရာတွေကတော့ အများကြီးမပြောင်းလဲပါဘူး။ ဒါကတော့ ကျွန်တော်တို့ဟာ မဟာမိတ်တွေ ဆိုတာပါပဲ"ဟု ၎င်းကပြောခဲ့သည်။

လမ်းပြမြေပုံအတိုင်း ဒီမိုကရေစီကို ပြန်သွားရန် ထိုင်းအစိုးရလုပ်ဆောင်နေပြီး ဒီမိုကရေစီြုပန်သွားရေးမှာ အစိုးရ၏အဓိကပန်းတိုင်ဖြစ်သည်ဟုလည်း မစ္စတာဒွန်က အမေရိကန်သံအမတ်ကို   ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly