ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူများမြန်မာပြည်ဝင်ခွင့် မရေရာ ဖြစ်နေဟုဆို

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူများမြန်မာပြည်ဝင်ခွင့် မရေရာ ဖြစ်နေဟုဆို
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်နေရာအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - AFP

ရန်ကုန်၊ အောင်တိုဘာ ၂ ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဟိန္ဒူများမြန်မာပြည်ပြန်ဝင်ရေးကိစ္စမှာ လက်ရှိအချိန်အထိ မရေရာသေးဟု ရခိုင်ပြည်နယ် ဒေသခံ ဟိန္ဒူအသိုင်းအဝိုင်း ရပ်မိရပ်ဘ ဖြစ်သူ ဦးနီမာရ်က မဇ္ဈိမကို ပြောသည်။
 
နေရပ်ပြန်ရန်အတွက် တစ်ဖက်နိုင်ငံတွင် နှစ်နှစ်ကျော်ကြာ စောင့်ဆိုင်းနေရသော ဟိန္ဒူအသိုင်းအဝိုင်းမှာ လူဦးရေ ၄၀၀ ခန့်ရှိ နေသည်လည်း ဖြစ်သည်။
“ မြန်မာအစိုးရကို တောင်းဆိုထားတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရ ကိုလည်း အရမ်းကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နှစ်တိတိ ကျွန်တော်တို့ ဟိန္ဒူတွေကို စောင့်ရှောက်ထားတာ အထောက်အပံ့ပေးတာ ကျွေးမွေးလာတာကို အရမ်း ကျေးဇူးတင်တယ်။ ဒါပေမယ့် ဒီဘက်မှာ မွေးရပ်ဒေသဆိုတော့ မဖြစ်မနေလာကိုလာရမယ်။ သူတို့လည်းလာချင်တယ်”  ဟု ဦးနီမာရ်က ဆိုသည်။
 
ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဟိန္ဒူများမှာ မြန်မာပြည်တွင်ပြန်လည်အခြေချနိုင်ရေး အစိုးရသို့တောင်းဆိုပေးရန် သက်ဆိုင်ရာ ဟိန္ဒူ ခေါင်းဆောင်များထံ အကြောင်းကြားထားကြောင်း သိရသည်။
 
သို့သော် ၎င်းတို့နေရပ်ပြန်ရေးမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရများအပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။
 
အာဆာအဖွဲ့ (ARSA ) ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသူများနှင့်ပက်သက်၍ (၇၄)ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပြောဆိုခဲ့သေးသည်။
 
“ ဘင်္ဂလားဒေ့ရှ်အနေနဲ့ နေရပ်စွန့်ခွာသူများအရေးကိစ္စ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး နည်းလမ်းဖြစ်တဲ့ နှစ်နိုင်ငံသ ဘောတူညီချက် တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာဝင် (၄၀၀) ကျော်အပါအဝင် မြန်မာ နိုင်ငံကို ပြန်လိုကြောင်း ယခင်ကတည်းက ဆန္ဒပြုထားပြီးဖြစ်တဲ့သူများကိုလည်း စောလျင်စွာ ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တောင်းဆိုပါတယ်” ဟူ၍ ညီလာခံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
 
ထို့အပြင်လက်ရှိအချိန်အထိ တစ်ဖက်နိုင်ငံရောက်မွတ်စလင်များကို မြန်မာပြည်သို့ပြန်ပို့ရန် ကြိုးပမ်းမှု သုံး ကြိမ်အထိရှိခဲ့သော်လည်း ဟိန္ဒူအသိုင်းအဝိုင်းကိုမှု လာရောက် စရင်းကောက်ယူခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။
 
“ အဲ့ဘက်မှာလည်း သံတမန်တွေရှိတယ်၊ NGO တွေရှိတယ်။  သူတို့ကိုစရင်းကောက်လိုက်ပါ။ သူတို့မေးလိုက်ရင် ပြန်လာ၊ မလာ သူတို့သိလိမ့်မယ်။ စရင်းပေးတဲ့သူကိုပဲ ကောက်ပါလို့ ၊ ယူလာခဲ့ပါလို့ အဲ့လိုပဲတောင်းဆိုချင်တယ်” ဟုဘင်္ဂလားဒေရှ့် နိုင်င့ရော ဟိန္ဒူများနှင့် ပတ်သက်ပြီး  ဦးနီမာရ်က ပြောသည်။
 
ပြီးခဲ့သည့်၂၀၁၇ ခုနှစ်၊ သြဂုတ်တွင် မောင်တောမြို့နယ်ထဲမှ ရဲကင်းနှင့် လုံခြုံရေးအခြေစိုက်စခန်း ၃၀ ကို အာဆာ (ARSA )လက်နက်ကိုင် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ မွတ်စလင်တွေအပြင် ဟိန္ဒူအချို့ပါထွက်ပြေး ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly