ဘိုင်ယန်ကို (၇-၂)နဲ့ အရှက်တကွဲရှုံးနိမ့်အပြီးမှာ ‘အလွန် စိတ်ပျက်ခဲ့တယ်။’ဆိုတဲ့ ပိုချက်တီနို

ဘိုင်ယန်ကို (၇-၂)နဲ့ အရှက်တကွဲရှုံးနိမ့်အပြီးမှာ ‘အလွန် စိတ်ပျက်ခဲ့တယ်။’ဆိုတဲ့ ပိုချက်တီနို

"ကျနော်တို့ ဘယ်လောက်ခံစားရခဲ့သလဲဆိုတာ ကောင်းကောင်းသိရပါတယ်။ အလွန် စိတ်ပျက်ခဲ့ပါတယ်။"လို့ လန်ဒန်မှာ ဘိုင်ယန်မြူးနစ်ကို (၇-၂)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆွန်ဟောင်မင်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် (၁၅)မိနစ်မှာပဲ ကင်မစ်ချ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး (၄၅)မိနစ်မှာ စပါးအသင်းဘက်ကို လီဝန်ဒေါစကီးက ဂိုးသွင်းယူပြီး (၂-၁)ဂိုးနဲ့ ဘိုင်ယန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ ဒုတိယပိုင်းမှာတော့ ဂနာဘရီရဲ့ လေးဂိုးသွင်းယူခြင်းကို ခံခဲ့ရပြီး လီဝန်ဒေါစကီးကပါ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါ့ကြောင့် ဥရောပမှာ အင်္ဂလန်အသင်းတစ်သင်းအနေနဲ့ အိမ်ကွင်းမှာ အကြီးမားဆုံး ရှုံးပွဲကို ကြုံတွေ့ရတာလည်းဖြစ်ပါတယ်။

"ကျနော်တို့ အလွန်ကို စိတ်ပျက်ခဲ့ပါတယ်။ ကျနော်တို့ ဘယ်လောက်ခံစားရသလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီခံစားချက်တွေက အရမ်းကောင်းမွန်တဲ့အရာတော့ မဟုတ်ပါဘူး။ အခုချိန်မှာ စိတ်အေးအေးထားရမယ့် အခိုက်အတန့်တစ်ခုပါ။ အခုဆိုရင် အရေးကြီးဆုံးက အမှားမပြုလုပ်မိဖို့ပါပဲ။ ဒီနေ့လို ရလဒ်မျိုး ထွက်ပေါ်လာပြီးနောက်မှာ အရေးကြီးဆုံးက စိတ်အေးအေးထားဖို့ပဲဖြစ်တယ်။"လို့ ပိုချက်တီနိုက BT Sport ကို ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းပွဲစဉ်တစ်ပွဲမှာ (၇)ဂိုးထိ အသွင်းခံခဲ့ရတာလည်းဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂)ပွဲကစားအပြီးမှာတော့ ရမှတ် (၁)မှာသာ ရရှိထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly