အီရတ်မှာ ဆန္ဒပြပွဲကို လူစုခွဲရန် ဝှေ့ယမ်းပစ်ခတ်ရာမှ တစ်ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

အီရတ်မှာ ဆန္ဒပြပွဲကို လူစုခွဲရန် ဝှေ့ယမ်းပစ်ခတ်ရာမှ တစ်ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

ဘဂ္ဂဒက်၊ အောက်တိုဘာ ၂ ။         ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ အင်္ဂါနေ့က အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပွားရာမှာ လုံခြုံရေးတပ်တွေက လူစုကွဲအောင် သေနတ် ဝှေ့ယမ်း ပစ်ခတ်တာနဲ့ မျက်ရည်ယိုဗုံးတွေ သုံးရာကနေ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခု ဆန္ဒပြပွဲကြီးဟာ အီရတ်နိုင်ငံရဲ့ ယိုင်နဲ့နဲ့ အစိုးရ တာဝန်ယူချိန် တစ်နှစ်နီးပါးအတွင်း ဖြစ်ပွားပေါ်ပေါက်လာတဲ့ ပထမဆုံး ဆန္ဒပြသမှုကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေမှာ ၁၆၀ ကျော်က အရပ်သားတွေဖြစ်ပြီး ၄၀ ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒဏ်ရာရသူ တော်တော်များများဟာ မျက်ရည်ယိုဓာတ်ငွေ့ ရှုရှိုက်မိတာနဲ့ ရာဘာကျည် ထိမှန်တာတွေကြောင့် ကုသမှုပေးဖို့ လိုအပ်နေကြောင်း ကျန်းမာရေးနဲ့ ရဲသတင်းရင်းမြစ်တွေအရ သိရပါတယ်။

အီရတ်နိုင်ငံ အလံကို ပခုံးတွေပေါ် လွှားထားတဲ့၊ နဖူးတွေမှာ စည်းထားကြတဲ့ ဆန္ဒပြသူတွေဟာ သမိုင်းဝင် တာဟီးရင်ပြင်မှာ စုရုံးဆန္ဒပြကြတာ ဖြစ်ပါတယ်။

စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ ခုလို စုရုံး ဆန္ဒပြကြပေမယ့် ဆန္ဒပြပွဲကို ကွပ်ကဲကြီးမှူးမယ့် ခေါင်းဆောင်မှုတော့ ရှိထားပုံ မရပါ။

“သူခိုးတွေက ကျွန်တော်တို့ဆီက လုယက်နေကြတယ်။”လို့ အီရတ်က နိုင်ငံရေးအသိုင်းအဝန်းကို ရှုတ်ချရင်း ဆန္ဒပြသူတွေက ဟစ်အော်ကြွေးကြော်ကြပါတယ်။

အီရတ်နိုင်ငံဟာ နိုင်ငံတကာပွင့်လင်းမြင်သာမှု အဖွဲ့ရဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားမှု အဆင့် ၁၂ နေရာမှာ ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly