ပျားရည်နဲ့ ဆံကေသာကို ပေါင်းတင်ကြရအောင်

ပျားရည်နဲ့ ဆံကေသာကို ပေါင်းတင်ကြရအောင်

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အသားအရေကို ထိန်းသိမ်းတဲ့အိမ်သုံးပစ္စည်းတွေထဲမှာ ပျားရည်ဟာလည်း အလွန်နာမည်ကြီးပါတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းသလို အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်တယ်။ လုပ်ရတာလည်း လွယ်ကူသလို အချိန်မကုန် အလုပ်မရှုပ်တဲ့အတွက် ကိုယ့်အိမ်မှာပဲ အချိန်ခဏလေးပေးပြီး အသားအရေထိန်းသိမ်းလို့ရတယ်။

ပျားရည်ကို အများစုက မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးတဲ့ သဘာဝ Mask အဖြစ်အသုံးပြုကြပါတယ်။ အချိန် ၁၀ မိနစ်လောက်ပေးပြီး မျက်နှာမှာ ကပ်ထားရုံနဲ့ ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပြီး အမည်းစက်ေတွကို ဖယ်ရှားပေးတယ်။ အဆီပြန်ခြင်းကင်းပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာအသားအရေကို ရစေတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အသားအရေကိုလည်း ဖြူစင်ဝင်းပလာစေပါတယ်။

အရင်ဆောင်းပါးတွေတုန်းက ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေအကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ ဆံကေသာအတွက် ပျားရည်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာနဲ့ သူ့ရဲ့ အားသာချက်တွေကို ပြောပြပေးသွားပါမယ်။
ပျားရည်နဲ့ ဆံသားပေါင်းတင်ခြင်း ကောင်းကျိုး

ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့နောက် ပျော့ဆေးအဖြစ်နဲ့လည်း အသုံးပြုကြသလို ခေါင်းမလျှော်ခင်မှာ အရင်ပေါင်းတင်တာမျိုးတွေလည်း ရှိပါတယ်။ ဘယ်လိုပုံစံပဲ သုံးပါစေ ပျားရည်နဲ့ ဦးရေပြားပေါင်းတင်မယ်ဆိုရင်

  •     ခြောက်သွေ့နေတဲ့ ဦးရေပြားနဲ့ ဆံသားကို နူးညံ့ပျော့ပျောင်းလာစေတယ်
  •     ဆံသားကျိုးကြေပျက်စီးခြင်းကို လျော့နည်းစေတယ်
  •     ဆံသားကို တောက်ပလာစေတယ်
  •     ဆံပင်ပေါက်မြန်စေပြီး ဦးရေပြားကို အားဖြည့်ပေးတယ်
  •     ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်အနားသားကောက်တာတွေကို လျော့နည်းစေတယ်
  •     ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်

ကဲ ဒါဆိုရင် ပျားရည်နဲ့ ဦးရေပြားကို ပေါင်းတင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ ပြောပြပေးမယ်နော်။
၁။ ခြောက်သွေ့ကြမ်းတမ်းပြီး ကျိုးကြေနေတဲ့ ဆံသားတွေအတွက်

အရင်ဆုံး ခေါင်းမလျှော်ရသေးရင် ရေနည်းနည်းစွတ်ထားပေးပါ။ ပျားရည် ခွက်တစ်ဝက်၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ တစ်ဇွန်းစာကို သမအောင် ရောပြီး မွှေထားပေးပါ။ ပြီးရင် မွှေထားတဲ့ ပျားရည်အနှစ်ကို မီးဖိုမှာ မိနစ် ၂၀ခန့် အပူပေးဖို့လိုပါတယ်။ အေးသွားပြီဆိုတော့မှ ဦးရေပြားနဲ့ ဆံသားတွေကို နေရာအနှံ့သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ နှိပ်တဲ့အခါ ဦးရေပြားကို လက်ချောင်း၊ လက်မနဲ့ဖိပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ခေါင်းကိုရေမစိုစေတဲ့ ခေါင်းစွပ်၊ ဒါမှမဟုတ် ပလတ်စတစ်အိတ်နဲ့ ခေါင်းကို စွပ်ထားပြီး နာရီဝက်ခန့်ကြာမှ ရေနဲ့ပြောင်စင်အောင် လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။
၂။ ဆံသားတောက်ပစေဖို့၊ ဦးရေပြားကို သန့်စင်ပေးဖို့အတွက်

ခုပြောပြပေးမယ့် နည်းလမ်းကတော့ ဒိန်ချဉ် ခွက်တစ်ဝက်၊ ပျားရည် ၄ဇွန်း၊ အုန်းဆီ ၂ဇွန်းကို သမအောင် ရောမွှေပေးပါ။ ၁၅ မိနစ်ခန့် အပူပေးပြီးရင် အအေးခံထားပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ ဦးရေပြားကို ရေနည်းနည်းစွတ်ပြီးတော့မှ ပျားရည်အနှစ်နဲ့ သုတ်လိမ်းပေးရမှာပါ။ နာရီဝက်လောက် ဒီအတိုင်းထားပြီးမှ ရေနဲ့ပြောင်စင်အောင်ဆေး၊ ပြီးရင် ခေါင်းပြန်လျှော်ပေးရမှာပါ။
၃။ ဦးရေပြား မကြာခဏ ယားယံနေတတ်တယ်ဆိုရင်

ငှက်ပျောသီး ၂လုံးလောက်ကို ကျေညက်နေအောင် ချေပြီးသွားရင် ပျားရည် ၂ဇွန်း၊ သံလွင်ဆီ ၂ဇွန်းရောမွှေပေးရပါမယ်။ ဆံပင်ရှည်တဲ့သူတွေဆိုရင် ဆီ ပိုထည့်ပြီး မွှေရပါမယ်။ ဦးရေပြားနေရာအနှံ့သုတ်လိမ်းပြီး ယားလွန်းတဲ့နေရာမှာ နှိပ်ပေးရင်း ဖြည်းဖြည်းချင်းကုတ်ပေးပါ။ ပြီးသွားမှ ဒီအတိုင်းထားထားပြီး ၁၀မိနစ်လောက်နေရင် ရေနဲ့ပြန်လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။
၄။ ဆံပင်သန်ဖို့အတွက်

ကြက်ဥတစ်လုံးကိုအရင်ခေါက်ပြီး ပျားရည် ၂ဇွန်း၊ အုန်းဆီ ၂ဇွန်း ထည့်မွှေပေးပါ။ ဦးရေပြားနဲ့ ဆံသားတွေကို သေချာပွတ်လိမ်းပြီးသွားရင် ဆံသားတွေကို အရင်းမှ အဖျားထိ ဖြည်းဖြည်းချင်း ပွတ်ဆွဲပေးပါ။ မိနစ် ၂၀ လောက်ထားပြီးသွားရင် ရေကျက်နွေးနဲ့ ခေါင်းပြန်လျှော်ပေးပါ။

ပျားရည်ကို ဘယ်လိုအသားအရေပိုင်ရှင်မျိုးမဆို သုံးလို့ရပေမယ့် ဓာတ်မတည့်တဲ့သူတွေ၊ သုံးပြီး ၅မိနစ်လောက်မှာ အင်ပျဉ်ထလာတာ၊ မခံမရပ်နိုင်အောင် ယားလာတယ်ဆိုရင်တော့ ဆက်မသုံးသင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly