အမေရိကန် ရုပ်ရှင်မင်းသမီးကြီး မာရိုစထရိ(ပ်)သည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပ ပြုလုပ်မည့် ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဒိုင်အဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်သွားမည်ဖြစ် သည်။
မာရိုစထရိ(ပ်)သည် လာမည့်နှစ် ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဒိုင်အဖွဲ့ အကြီးအ ကဲအဖြစ် ဆောင်ရွက်ပေးရန် ခန့်အပ်ခံခဲ့ရပြီး ဟောလီးဝုဒ် မင်းသမီးအတွက် ရုပ်ရှင်ပွဲတော်တွင် ဒိုင်လူကြီး အဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ၆၆ ကြိမ်မြောက် ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၁ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မာရိုစထရိ(ပ်)သည် ဆုရသူကို ရွေးချယ် ဆုံးဖြတ်ပေးရမည့် ဒိုင်အဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
“ရုပ်ရှင်ပွဲတော်မှာ ဒိုင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်ရမှာ စိတ်လှုပ်ရှား မိပါတယ်။ အရင်က တစ်ခါမှ ဒိုင်အဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့တာ မရှိဘူး။ အကောင်းဆုံး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု စထရိ(ပ်)က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
အော်စကာဆု သုံးကြိမ်ရရှိထားသော စထရိ(ပ်)သည် ယခင်ကလည်း ဘာလင်ရုပ်ရှင်ပွဲတော်မှ ချီးမြှင့်သော ဂုဏ်ပြုဆုများကို ချီးမြှင့်ခံရသူ တစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်က ရုပ်ရှင်ပွဲတော်၏ အထူးဆု တစ်ဆုဖြစ် သည့် Berlinale Camera ဆုကို ရရှိထားသူ တစ်ဦးဖြစ်သည်။
၂၀၀၃ ခုနှစ်ကလည်း စထရိ(ပ်)သည် The Hours ဇာတ်ကားဖြင့် နီးကိုးလ် ကစ်မန်၊ ဂျူလီ အန်မိုရီတို့နှင့်အတူ Silver Bear ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကလည်း တစ်သက်တာ အောင်မြင်ဆု နှင့် Honorary Golden Bear ဆုကို ရရှိခဲ့သည်။
လက်ရှိအချိန်တွင် စထရိ(ပ်)သည် ကာရေးမူလင်ဂန်၊ အန်နီ- မာရီဒဖ်နှင့် ဟီလီနာဘွန်ဟမ် ကာတာတို့နှင့်အတူ Suffragette ဇာတ်ကားတွင် ယောင်္ကျားမိန်းမ တန်းတူ အခွင့်အရေးရလိုသည့် အမျိုးသမီး ဝါဒီအဖွဲ့ခေါင်းဆောင် အမ်မီလိန်းပက်ခ်ဟက်စ်အဖြစ် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။