ရန်ကုန်။ အောက်တိုဘာ ၁ ။ ။ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတိုးမြှင့်ရန် အမေရိကန်နိုင်ငံUS- ASEAN Bussiness Council ဦးဆောင်မှုဖြင့် အမေရိကန် ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ကုန်သည် စက်မှုအသင်းချုပ်ရုံးတွင် စက်တင်ဘာလ ၃၀ရက်နေ့က လာရောက် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါတွ့ဆုံဆွေးနွေးပွဲကို မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံမှဈေးကွက်အခြေအေနတို့ကို နှစ်ဖက်လုပ်ငန်းရှင်များ အကြား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။
" ငွေပေးငွေချေစနစ်တွေမှာ လုပ်ငန်းပိုင်းဆိုင်ရာ တိုးချဲ့မှုတွေလုပ်ဖို့ရှိပါတယ်။ ရှေ့ဆက်ပြီး အသေး စိတ်ဆွေးနွေးမယ်။ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကိုလည်း သူတို့ခေါ်လာဖို့ရှိပါတယ်။ ပြီးတော့ရှိပြီးသား လုပ်ငန်း အဟောင်းတွေ ပြန်ခွာမသွားအောင်ဆောင်ရွက်ကြမယ်" ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။
လာရောက်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင်Google အပါအဝင် အမေရိကန် ကုမ္ပဏီကြီး များဖြစ်သည့် , Amazon,Abbot, BowerGroupAsia, Chervon, Chubb, Coca-Cola, Diageo, Ford, Jhpiego, MasterCard, Visa တို့မှလုပ်ငန်းရှင်၂၇ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်မြန်မာ အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၉၃ဒသမဝ၇၁ သန်းရှိပြီးအဆိုပါ ပမာဏမှာ မြန်မာနိုင်ငံ၏နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း၏ ၁ဒသမ၆ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁၈ ဒသမ ၃၈၀ သန်းထိ ရှိခဲ့ပြီး၊ရာခိုင်နှုန်းအားဖြင့် ၂ဒသမ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။
ထို့အပြင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်းရှိခဲ့ပြီး၊ စီမံကိန်း ၁၃ခုတွင် ရင်းနှီးမြှပ်နှံထားခြင်း ဖြစ်သည်။ အဆိုပါ ပမာဏမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ သုည ဒသမ ၅၃ ရာခိုင်နှုန်း ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/