ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကလေးစစ်သားအရေးထည့်သွင်းဆွေးနွေးရန် တိုက်တွန်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကလေးစစ်သားအရေးထည့်သွင်းဆွေးနွေးရန် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁ ။       ။ ကလေးစစ်သားရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများတွင် ထည့်သွင်းဆွေးနွေးကြရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေေသာ အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ညီမျှခြင်းမြန်မာအဖွဲ့မှနေ၍ တိုက်တွန်း ပြောဆိုလိုက်သည်။

မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်းသည့် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြုစာချုပ်ကို စက်တင်ဘာလ (၂၇) ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် အတည်ပြုပါဝင်လိုက်သည့်အပေါ်ကြိုဆိုကြောင်း စက်တင်ဘာ ၃၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် အဆိုပါစာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင်တပ်ဖွဲ့များအကြား ကလေးများအားစစ်မှုထမ်းစေခြင်းအား ရပ်တန့်နိုင်ရန်အတွက် အစိုးရ အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် အပစ်ခက်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ကလေး စစ်မှုထမ်းစေခြင်းနှင့်ပတ်သတ်၍ စတင်ဆွေးနွေးမှုများ၊ ထိုကလေးများအား တပ်ဖွဲ့များအတွင်းမှ ဖယ်ရှား နိုင်ရေးအတွက် လက်တွေ့ကျသော ပြင်ဆင်မှုများကို ယခုမှစတင်၍စတင်ဆွေးနွေးသင့်သည်” ဟု ညီမျှခြင်း မြန်မာအဖွဲ့မှတိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိအခြေအနေကဲ့သို့ ပဋိက္ခများဆက်လက်ဖြစ်ပွားနေသည့် ကာလမျိုးတွင် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ကလေးများအား စစ်မှုထမ်းစေခြင်းကို ချက်ခြင်းတားဆီးရန် မလွယ်ကူသည်ကို မိမိတို့ သဘောပေါက်ကြောင်းလည်းပါရှိသည်။

ပဋိပက္ခတွင်းရှိ ဘက်ပေါင်းစုံတွင်ပါဝင်နေသော ကလေးစစ်သားများအား အမြန်ဆုံးတပ်များမှ ဖယ်ရှားရန်၊ ၎င်းတို့အတွက် ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးရန်၊ လူမှုပတ်ဝန်းကျင်များတွင် ပြန်လည်အသားကျအောင်လုပ်ဆောင်ပေးရန် အတွက် အစိုးရအနေဖြင့်သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ပွင့်လင်းစွာ စတင်ဆွေးနွေးရန်လိုအပ်သည်ဟုလည်း တိုက်တွန်းထားသည်။

ထို့ပြင် တပ်မတော်အတွင်း ကျန်ရှိနေနိုင်သေးသည့် အသက်မပြည့်သေးသည့်ကလေးများအားလုံး စစ်တပ် အတွင်းမှ လုံးဝ ပြန်လည်ထွက်ခွာနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ဆောင်ပေးသင့်ကြောင်းလည်း ထုတ်ပြန်စာတွင်ရေးသားထားသည်။

မြန်မာအစိုးရသည် ၂၀၁၅ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက် မှုနှင့်စပ်လျဉ်းသည့် ကလေးသူငယ်များအခွင့်အရေး ဆိုင်ရာနောက်ဆက်တွဲ အခြေပြုစာချုပ်ကို ပဏာမ လက်မှတ်ရေးထိုးခဲ့ပြီး တပ်မတော်အတွင်းရှိ ကလေးစစ်သားအချို့ကိုပြန်လွှတ်ပေးခဲ့သည်။

၂၀၁၄ ခုနှစ်မှ၂၀၁၉ခုနှစ် မတ်လအထိ အရွယ်မရောက်သေးသည့်ကလေးသူငယ်ပေါင်း (၁၅၇၉) ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီးဌာနက လွန်ခဲ့သည့်မေလက ထုတ်ပြန်ခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲ အခြေ ပြုစာချုပ်ကို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့ခြင်းဖြစ်ပြီး (၁၆၉) နိုင်ငံမြောက်လည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly