၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရပ်မိ၊ရပ်ဖများ ပါဝင်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ NLD ဖွဲ့စည်းမည်

၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရပ်မိ၊ရပ်ဖများ ပါဝင်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ NLD ဖွဲ့စည်းမည်
(၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မန္တလေးမြို့အောင်မြေသာစံ မြို့နယ်တွင် NLD ပါတီ စည်းရုံးရေး ဆင်းနေစဉ်) (ဓါတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၃၀ ။              ။ NLD ပါတီအနေဖြင့်၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရပ်မိရပ်ဖများ ပါဝင်သည့် ရွေးကောက်ပွဲ အောင်နိုင် ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မဇ္ဈိမ ကိုပြောသည်။

"အရင်တုန်းက အောင်နိုင်ရေးကို မြို့နယ်အလုပ်အမှုဆောင်ကိုပဲ လွှဲလိုက်တာ။အခု အဲလိုမဟုတ်ဘူး။ အောင်နိုင်ရေး ပြန်ဖွဲ့မယ်။၉၀ လိုပဲ ရပ်မိ ရပ်ဖတွေ ပါတဲ့အောင်နိုင်ရေးပြန်ဖွဲ့မယ်။အောင်နိုင်ရေးကို သီးသန့်လုပ်မယ်။"ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အားနည်းချက်များရှိခဲ့မှုအပေါ် ပြန်လည်သုံးသပ်ကာ ယခုကဲ့သို့ ရပ်မိရပ်ဖိများပါဝင်သည့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုလည်း ဒေါက်တာ ဇော်မြင့်မောင်ကဆိုသည်။

"ကိုယ့်အချင်းချင်းဟာကို ပြန်သုံးသပ်တယ်။အားနည်းတယ်။လွှတ်တော်ကိုယ်စားလှယ်တွေ အားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အားတယ်ဆိုတာ ကိုယ့်မဲဆန္ဒနယ်မှာ မပါတဲ့ဟာ တစ်ခြားမဲဆန္ဒနယ်မှာ သွားစည်းရုံး ရမယ်။ စည်းရုံးရေး လုပ်ပေးရမှာ မလုပ်ဘူး။အစိုးရဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့ဝင်တွေက ရှုံးတဲ့နေရာတွေ သွားပေးရမှာ မသွားဘူး။အဲဒါတွေကို သင်ခန်းစာယူတယ်ဆိုတာကို ပြောတာပါ။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင်လည်း မူဝါဒအသစ်များ ရေးဆွဲ ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း ရပ်မိရပ်ဖများကသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
၁၉၉ဝခုနှစ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များကို NLD ကရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ ရပ်မိ ရပ်ဖများကသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly