ရွှေဘိုပေါ်ဆန်းကို(GI )ထုတ်ကုန်အဖြစ် သတ်မှတ်ရန် Food Safety အသိအမှတ်ပြုလက်မှတ်လိုအပ်

ရွှေဘိုပေါ်ဆန်းကို(GI )ထုတ်ကုန်အဖြစ် သတ်မှတ်ရန် Food Safety အသိအမှတ်ပြုလက်မှတ်လိုအပ်
ပြည်တွင်းရှိ ဆန်ဆိုင်တစ်ခု၏ မြင်ကွင်း

ရန်ကုန်။ စက်တင်ဘာ ၃၀ ။            ။ ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံ၏ ပထမဆုံးပထဝီဒေသဆိုင်ရာညွှန်းကိန်း Geographical Indications (GI ) ထုတ်ကုန်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ Food Safety အသိအမှတ်ပြု လက်မှတ်များရယူရန် လိုအပ်မည်ဖြစ်ကြောင်း ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (ဗဟို)မှ ဥက္ကဋ္ဌ ဦးကျော်သူသောင်းစိန်က ပြောသည်။

အဆိုပါကိစ္စအတွက် စိုက်ပျိုးရေးတောင်သူများအနေဖြင့် ကောင်းမွန်သည့် စိုက်ပျိုးနည်းကျင့်စဉ် Good Agriculture Practices (GAP) စနစ်သို့ ကူးပြောင်းရန်လိုအပ်မည်ဖြစ်ပြီး၊ ဆန်စက်လုပ်ငန်းရှင်များ အနေဖြင့် လည်း ကမ္ဘာ့အသိအမှတ်ပြု ကောင်းမွန်သော ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (HACCP)နှင့် ကောင်းမွန်သော ကုန်ထုတ် လုပ်မှုကျင့်စဉ် (GMP) လက်မှတ်များရယူရန်လိုအပ်မည်ဟုဆိုသည်။ ယင်းနှင့် ပတ်သက်၍ ရွှေဘိုခရိုင်အတွင်းရှိ တောင်သူများ ၊ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပညာပေးဆွေးနွေး ပွဲများပြုလုပ်ပေးနေကြောင်း ယင်းအသင်းမှသိရသည်။

“ ကျွန်တော်တို့အသင်းကော၊ ဆန်စက်အသင်းကော ၊ အစိုးရပိုင်းကော ပူးပေါင်းပြီးတော့ ခု ရွှေဘိုခရိုင် အတွင်းမှာ တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေပါတယ်။၊ ကျန်တဲ့ဒေသတွေကိုလဲ ဆက် လုပ်သွားဖို့စီစဉ်နေပါတယ်” ဟု ဦးကျော်သူသောင်းစိန်ကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံဒေသထွက်ကုန်များ၏ ပထဝီဒေသဆိုင်ရာအညွှန်း (GI) စာရင်းတွင် ရွှေဘိုပေါ်ဆန်းကို ကနဦးပါဝင်ခွင့်ရရှိရန် AFD ၏ အဓိကပံ့ပိုးပေးမှုဖြင့် ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာ့ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းတို့မှပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံ၏ ပထမဆုံး GI ထွက်ကုန်အဖြစ် သတ်မှတ်နိုင်ရန် အချိန်အားဖြင့် သုံးနှစ် ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ Third Party အဖွဲ့မှ လာမည့်လအနည်းငယ် အတွင်း လာရောက် စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။

“တစ်နှစ်ပြီးတိုင်း၊ ပြီးတိုင်းမှာ သူတို့က Record လုပ်မှာ၊ ရွှေလိုပေါ်ဆန်းမွှေး အရည်အသွေး ပြောင်းလဲမှု မရှိဘူး ဆိုရင်တော့ GI အဖြစ် ကျွန်တော်တို့ မှတ်ပုံတင်လို့ရပါပြီ” ဟု ဦးကျော်သူသောင်း စိန်က ကဆက်လက် ပြောဆိုသည်။

ပထဝီဒေသဆိုင်ရာညွှန်းကိန်း Geographical Indications (GI )ရရှိပါက ရွှေဘိုပေါ်ဆန်းကို မြန်မာ့မျိုးရင်း အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး၊ လက်ရှိတွင် ရွှေဘိုပေါ်ဆန်းအပြင် သနပ်ခါး၊ သရက်သီး နှင့် ပုသိမ်ထီး တို့ကိုလည်း GI စာရင်းဝင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly