တောင်သူ ၃၆ ဦး၏ ယာမြေများသည် သစ်တောမြေတွင် မပါဝင်ဟု တိုင်း စိုက်/မွေးဝန်ကြီး ဖြေ

တောင်သူ ၃၆ ဦး၏ ယာမြေများသည် သစ်တောမြေတွင် မပါဝင်ဟု တိုင်း စိုက်/မွေးဝန်ကြီး ဖြေ

မုံရွာ၊ စက်တင်ဘာ ၂၉ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကူလဲကျေးရွာအုပ်စု ကူလဲရှေ့နှင့် ကူလဲနောက်ရွာရှိ တောင်သူ ၃၆ ဦး၏ ယာမြေများသည် သစ်တောမြေတွင် ပါဝင်နေသည်ဟု အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေခြင်းအပေါ် သစ်တောမြေ မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက အတည်ပြုပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပြောခဲ့ခြင်း ဖြစ်သည်။

မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်းက မင်းကင်းမြို့နယ်၊ ကူလဲကျေးရွာအုပ်စု၊ ကူလဲ(အရှေ့) ကျေးရွာအနီးရှိ ကွင်းအမှတ် (၇၅၃)နှင့် ကူလဲ (အနောက်) ရွာ ရေဆုံးကွင်းရှိ တောင်သူများ လုပ်ကိုင်နေသော ယာမြေများအား သစ်တောမြေ နှင့် ယာမြေ အဖြစ် ခွဲခြားသတ်မှတ်ပေး၍ ယာမြေဖြစ်ပါက လယ်ယာမြေ ပုံစံ(၇) ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ကူလဲကျေးရွာအုပ်စု၊ ကူလဲရှေ့နှင့် ကူလဲနောက်ရွာရှိတောင်သူ ၃၈ ဦး၏ ယာမြေများအား တောင်သူ ၃၆ ဦး၏ ယာမြေများမှာ သစ်တောမြေ မဟုတ်ပါကြောင်း၊ တောင်သူ ၂ ဦး၏ ယာမြေသည်သာ သစ်တောမြေတွင် ပါဝင် ပါကြောင်း၊ ရန်ပုံငွေ တင်ပြ၍ ရရှိပါက သစ်တောနယ်သတ်မှတ်မှု ဘုတ်တိုင်များ စိုက်ထူပေးပါမည့် အကြောင်း၊ ပုံစံ (၇) ရရှိရေးအတွက်မူ စနစ်တကျ တင်ပြလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း"ဟု ဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

မင်းကင်းမြို့နယ် ကူလဲကျေးရွာအုပ်စု ကူလဲ(အေ့ရှ)ကျေးရွာအနီးရှိ ကွင်းအမှတ် ၇၅၃ ကွင်းနှင့် ကူလဲ (နောက်) ရွာ ရေဆုံးကွင်းအတွင်းတွင် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်မှစ၍ တောင်သူများအနေဖြင့် မြေလွတ်၊ မြေရိုင်း ခုတ်ထွင်ရှင်းလင်းကာ မြေပဲ၊ နှမ်းနှင့်အခြားသီးနှံများ စိုက်ပျိုးခဲ့ကြပြီး ၂၀၀၀-၂၀၀၁ ခုနှစ်တွင်လည်း အဆိုပါ ယာမြေများကို မြေစာရင်းမြေပုံတွင် ထည့်သွင်းနိုင်ရန်ဟုဆိုကာ မြေစာရင်းဌာနမှ ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြကြောင်း မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဆန်းဝင်းက ပြောသည်။

ယခုအချိန်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောမြေတွင်ပါဝင်သည်ဟု ဆိုကာ တောင်သူ ၃၈ ဦး၏ ယာမြေများပေါ်တွင် ကျွန်း၊ ပျဉ်းကတိုးနှင့် မျောက်ငိုပျိုးပင်ဖြန့်ဝေကာ တစ်ဧကလျှင် အပင် ၁၅၀ နှုန်း စိုက်ပျိုးရမည်ဟု ညွှန်ကြားလာပါသဖြင့် တောင်သူများအနေဖြင့် အငြင်းပွားဖွယ်ဖြစ်နေခြင်းဖြစ်သည်။

ယခုအငြင်းပွားဖွယ်ဖြစ်နေသော ယာမြေများသည် မြေစာရင်းမြေပုံတွင် ယာမြေအဖြစ်ပါဝင်နေကြောင်း ဒေသခံတောင်သူများ၏တင်ပြချက်အရ သိရှိရကြောင်း ဒေါက်တာဆန်းဝင်းက ပြောသည်။

ထို့ကြောင့် လွှတ်တော်တွင် မေးမြန်းခဲ့ရာ ယာမြေများသည် သစ်တောမြေတွင် မပါဝင်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly