“စစ်သား မဟုတ်ပေမယ့် တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးလို့ ရပါတယ်”

“စစ်သား မဟုတ်ပေမယ့် တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးလို့ ရပါတယ်”

ရန်ကုန် (Myanmar Now) ။         ။ ၂ဝ၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလ အမတ်လောင်းတွေထဲမှာ လုပ်ငန်းရှင် ဦးဌေးအောင်လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်နေတဲ့ ဦးဌေးအောင်ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ကား ဈေးကွက်မှာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဟသာၤတမြို့ဇာတိ ဦးဌေးအောင်ဟာ ပြည်ပအတွေ့အကြုံ များပြားတဲ့ လုပ်ငန်းရှင် ဖြစ်ပြီးလွန်ခဲ့တဲ့နှစ် မြို့တော်စည်ပင် ရွေးကောက်ပွဲမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စည်ပင် သာယာရေး ကော်မတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူပါ။

Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဦးဌေး အောင်က မြန်မာ့ မဲဆန္ဒရှင်များ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့ အလားအလာ၊ နိုင်ငံ ရေးမှာ စစ်တပ်ပါဝင်နေမှု၊ သူရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းရင်း တွေကို ပြောပြထားပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ဘယ်လို စိတ်ကူးမိတာလဲ။

ရန်ကုန်မြို့တော် စည်ပင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ မြို့နယ်လောက်ပဲ လုပ်ပေးလို့ရတယ်။ အဲဒါ ကြောင့် လွှတ်တော်ထဲမှာ သွားပြီးတော့ ပြည်သူ့အကျိုးပြုနိုင်မယ့် ဥပဒေတွေ တင်ပြနိုင်အောင်၊ စီးပွား ရေးစနစ်တွေ တင်ပြနိုင်အောင်ပေါ့။ အခုပြောနေတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပေမယ့် တကယ် တမ်း ဆင်းရဲသား လူတန်းစားတွေမှာ ဖြစ်လာရဲ့လား၊  ဖြစ်မလာတာ ဘာ့ကြောင့်လဲ။ ဒါကို ဘယ် လောက်ပဲ ဆောင်းပါးထဲမှာ ရေးရေး၊ စာနဲ့ နိုင်ငံတော် သမ္မတရုံးကိုပဲ ပို့ပို့၊ အကောင်အထည် ပေါ်မလာ တာ ရှိသလို ပေါ်တာလည်း ရှိတာပေါ့။ ကျွန်တော်တို့  တင်ပြတဲ့ ကိစ္စတချို့ကို သက်ဆိုင်ရာ လူကြီး တွေက သူတို့ပဲ တင်ပြသလိုလို၊ သူတို့ပဲ လုပ်သွားသလိုလိုနဲ့ ကျွန်တော်တို့က ဦးနှောက်ဖောက်စား ခံလိုက်ရတာပေါ့။ ကိုယ်တိုင် တင်ပြနိုင်ဖို့၊ လွှတ်တော်ထဲမှာ ပြောနိုင်ဖို့ဆိုတာ အရွေးခံမှပဲ ရမှာကိုး။ ကျွန်တော်တို့လည်း စစ်သားမဟုတ်ပေမယ့် တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးလို့ ရပါတယ်။

ပါတီတစ်ခုခုဘက်ကနေ မရပ်တည်ဘဲနဲ့ ဘာ့ကြောင့် တသီးပုဂ္ဂလအဖြစ် ရပ်တည်ရတာလဲ။

ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်နိုင်တဲ့ လူတစ်ယောက်လို့ ယုံကြည်တယ်။ ဒီမိုကရေစီ နိုင်ငံ တော်တော် များများဟာလည်း သမ္မတဟာ ဖြစ်သွားပေမယ့်လည်း သူဟာ ရာထူးရတာကလွဲလို့ ကျန်တဲ့သူတိုင်းဟာ လုပ်ဖော်ကိုင်ဘက်တွေပဲ။ ငါဟာ သမ္မတပဲ၊ ငါပြောစကား နားထောင်ရမယ်၊ ငါပြောတဲ့အတိုင်း လုပ်ဆိုတာမျိုး မရှိဘူး။ ကျွန်တော်တို့ မြန်မာပြည်မှာ အဲဒီလိုမဟုတ်ဘူး။ ဘယ်ပါတီ ပဲကြည့်လိုက်၊ တစ်ဦးတစ်ယောက်တည်း ခေါင်းဆောင်အောက်မှာ အကုန်လုံးက ပြားပြားဝပ် နေတာ ဖြစ်တော့ ဒါ့ကြောင့်မို့ (ပါတီ) မဝင်တာ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်သလဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တော်ပါတယ်၊ လူထုခေါင်းဆောင် တစ်ယောက်ပါ။ ကျွန်တော့် အမြင်ပြောရရင် လူထုခေါင်းဆောင်လို့ပြောမယ့် ဗိုလ်ချုပ် အောင်ဆန်းဟာ သူနဲ့ ကွာခြားမှုတွေ ရှိပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းက တကယ့်ကို ပြည်သူတွေကြားမှာ ဆင်းပြီးတော့၊ ပြည်နယ်နဲ့ တိုင်းတွေ ကို ဆင်းပြီးတော့ အဲဒီလူတွေကို ဆရာတင်ပြီး ပူးပေါင်း ဆောင်ရွက်တာ၊ တပည့်လို့မြင်ပြီး ဆောင်ရွက် တာ မဟုတ်ဘူး။ NLD မှာ ရှိနေတဲ့သူ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တော်တော်များများနဲ့ လည်း(ကျွန်တော်) သိပါတယ်။ ဒေါ်စု စကားအောက်မှာပဲ။ သူ့ကိုပြန်ပြီးတော့ တစ်ယောက်မှ မပြော ရဲကြဘူး။ ဒါမဟုတ်ဘူး၊ ကျွန်တော်တို့က ဒီလို ပါတီထဲကို ရောက်သွားရင် ပြန်ပြောရမှာ။ မှန်တယ်ထင် ရင် ထောက်ပြရမှာ။ အဲဒီလို ပြောခွင့်မရှိဘူး၊ ပြောလို့ မရဘူးဆိုရင်တော့ ကျွန်တော်တို့က ဘယ်ပါတီ မှာမှ သွားပြီးရပ်တည်မှာ မဟုတ်ဘူး။

အာဏာရ ပါတီနဲ့ သမ္မတ ဦးသိန်းစိန်တို့ အပေါ်မှာရော ဘယ်လိုသဘောထားလဲ။

အဲဒီပါတီထဲမှာလည်း အလယ်အလတ် လမ်းစဉ်၊ အမြင်ကျယ်တဲ့လူတွေ ရှိပါတယ်။ အဲဒီပါတီ ထဲက လူတွေက စစ်သားတွေဆိုပေမယ့် အဲဒီလူတွေကလည်း ကျွန်တော်တို့လို တိုင်းနဲ့ပြည်နယ် အနှံ့ က အထက်တန်းတွေ အောင်ပြီးတော့ ဗိုလ်ဖြစ်ခဲ့ကြတဲ့ သူတွေ၊ ပြည်သူတွေထဲက ပြည်သူတွေပဲ။ စစ်သားဖြစ်သွားလို့ လူမျိုးတစ်မျိုး ဖြစ်သွားတာ မဟုတ်ဘူူး။ သို့သော် ရာထူးကြီးတွေ ရသွားပြီးတော့ ဘဝင်မြင့်၊ အောက်ခြေကို ပြန်မကြည့်တဲ့ မသမာတဲ့ ကိုယ်ကျိုးရှာ ပုဂ္ဂိုလ်တွေရှိသလို လေးစားထိုက်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကနေ့မှာ အားသာရာ သွားနေတာ၊ လူများစုက များရင် နိုင်သွား တာပေါ့။

အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် အုပ်စုထဲ ဦးဌေးအောင် ပါသလား။

ကျွန်တော်တို့က စီးပွားရေးသမား။ ဘယ်အစိုးရပဲ တက်လာလာ၊ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ဌာနဆိုင်ရာက ဖိတ်ခေါ်တဲ့ အလုပ်ဆို လုပ်ပါတယ်။ လက်သိပ်ထိုးပြီး ပေးတဲ့အလုပ်ဆို မလုပ်ဘူး။ စစ်အစိုးရလက်ထက်က မော်တော်ကား တင်သွင်းခွင့် ပိတ်ထားတယ်၊ ဦးပိုင် (တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်) ကနေပဲ မော်တော်ကားတွေ သွင်းတယ်။ ပြည်ခိုင်ဖြိုး ဖြစ်လာတော့လည်း မြန်ဟုန်မြင့်ဆိုပြီး ကုမ္ပဏီထောင်ပြီး မော်တော်ကားသွင်းပြီး လူကြီးတွေကိုပေးတယ်။ ကျွန်တော် လုံးဝ မလုပ်ဘူး။ သို့သော် ၂ဝဝ၆ ခုနှစ် ကျော်လောက်က လူကြီးတွေ အပြောင်းအလဲ ဖြစ်ကြတယ်။ အဲဒီမှာ လေလံတင် ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီးတော့ တရားဝင် တင်ဒါခေါ်တဲ့အခါမှာ ကျွန်တော် ဝင်လုပ်တယ်။ ကုမ္ပဏီပေါင်း ၃ဝ ကျော် ဝင်ပြီးတော့ မျှတတဲ့ ကစားပွဲလေ။

ကျွန်တော် တင်ဒါအောင်ပေမယ့် ကျွန်တော့်ကို အကုန်မပေးဘူး။ တချို့ဆို သွင်းမယ်လို့ ယူပြီး ကာမှ ဆက်မသွင်းနိုင်လို့ ခင်ဗျားပဲ သွင်းပေးပါဗျာ ဆိုတာ ဖြစ်လာတယ်။ မသွင်းနိုင်ရင် အရေးယူရမှာ ကို အရေးမယူဘဲ ကျွန်တော့်ကို ပြန်သွင်းခိုင်းတာ။ ကျွန်တော် ဘယ်သူ့မှမကြောက်ဘူး။ ဒီလိုပဲ ကျွန် တော် ရပ်တည်လာတာ။ ရင်းနှီးတယ် ဆိုပေမယ့် ဒီလူတွေနဲ့ ပေါင်းစားတာ တစ်ခုမှမရှိဘူး။ သို့သော် လုပ်ငန်းသဘောအရတော့ ဆက်ဆံ ရတယ်။ ဘယ်ဗိုလ်ချုပ် တွေကိုမှ ခေါင်းခွေ့ပြီး တစ်ကျပ်တန်မှာ ဆယ်ပြားပေးပြီး လုပ်ခဲ့တာ တစ်ခုမှမရှိဘူး။ တပ်မတော်ထဲမှာလည်း ချစ်စရာကောင်းတဲ့သူ အများကြီး ပါ။ ဒီကနေ့ ဗိုလ်ချုပ်တွေဖြစ်ပြီးတော့ အိမ်တစ်လုံးတောင် ကောင်းကောင်း မပိုင်တဲ့သူတွေ ရှိပါတယ်။

အာဏာရပါတီ၊ NLD တို့ အားကောင်းနေတဲ့ ဒီရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေ မျှော်လင့်ချက် ဘယ်လောက် ရှိသလဲ။ 

ကျွန်တော်က တိုက်ပွဲတစ်ခုလိုကို စဉ်းစားတာ။ လေ့လာပြီးမှ လုပ်တာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ ကိုယ့်ကို မဲပေးမယ့် ပြည်သူကို ယုံကြည်မှုရှိရမယ်။ ပြည်သူ ယုံကြည်မှုရှိအောင် လည်း ကိုယ်ကလုပ်ပြရမယ်။ အဲဒီလိုမဟုတ်ဘဲ မိုက်နဲ့လိုက်အော်၊ ဆိုင်းဘုတ်လေး ချိတ်ပြီးတော့ မဲပေးပါဆိုတာတော့ လုပ်လို့မရဘူး။ ကျွန်တော့် လုပ်ငန်းဘဝမှာ ဂျပန်တစ်ဝက်၊ မြန်မာတစ်ဝက် နေလာခဲ့တဲ့သူ။ ဂျပန်တွေရဲ့ ရွေးကောက်ပွဲစနစ်၊ မဲစည်းရုံးတဲ့စနစ် လေ့လာပြီးသား။

ဂျပန်မှာ လွှတ်တော်အမတ် တစ်ယောက်ဖြစ်ဖို့ အရမ်းခက်တယ်။ သူ့တိုင်းပြည်က ဖွံ့ဖြိုးပြီးသား တိုင်းပြည်၊ လွယ်လွယ်လေးနဲ့ မဲဆန္ဒရှင်တစ်ယောက်ရဲ့ မဲတစ်ပြားကိုရဖို့ မလွယ်ဘူး။ ကျွန်တော်တို့မှာ က ပြောင်းလဲချင်တယ် ဆိုပေမယ့် ၇၅ ရာခိုင်နှုန်းသော ပြည်သူတွေက စိတ်မဝင်စားဘူး။ ဘယ်လိုမဲ ပေးရမလဲ၊ ကိုယ်မဲပေးမယ့်လူက ဘယ်လောက် အရည်အချင်းရှိသလဲ၊ သူက ဘယ်လောက် စွမ်း ဆောင်မှုတွေရှိလဲ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဘယ်လောက် လုပ်ထားသလဲဆိုတဲ့ လေ့လာမှု တွေ မရှိဘူးဗျ။ မဲရုံရှေ့ ရောက်တော့မှ ဘယ်သူ့ကိုပေးလိုက်ပါဆိုတဲ့ အကြံပြုချက်နဲ့ ပေးတဲ့သူများတယ်။ ကိုယ်ပိုင် အရည်အချင်းနဲ့ ဘယ်သူ့ကို မဲပေးရမယ်ဆိုတဲ့ဟာကို မစဉ်းစားဘဲ မဲထည့်ရင် မှားသွားမယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေအတွက် ဘယ်လို စိတ်ကူး ထားပါသလဲ။

အနိုင်ရသွားတဲ့ ပါတီက အစိုးရဖြစ်လာလို့ ကျွန်တော်တို့ကို သုံးမှကိုး။ သူတို့သုံးမှ ရမှာကိုး။ သူတို့ရဲ့ ပါတီဝင်မဟုတ်ရင် သူတို့ အစိုးရအဖွဲ့မှာ ထည့်ချင်မှ ထည့်မှာ။ သုံးရင်တော့ ကျွန်တော်တို့က အကြံပေးဖို့တွေ၊ ပြောဖို့တွေ အဆင်သင့်ပါပဲ။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပက်သက်ရင်လည်း ပြောစရာတွေ အများကြီး ရှိပါတယ်။ သူတို့ ရပ်တည်ရေးအတွက် နယ်စပ်မှာ ဆက်ကြေးတွေကောက် ပြီး တချိန်လုံး တော်လှန်ရေး လုပ်တာဆိုပေမယ့် ကိုယ်ကျိုး စီးပွားရှာနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေ၊ ခေါင်းဆောင်တွေ ရှိတာပဲ။ တချို့ ခေါင်းဆောင်တွေဟာ နယ်စပ်မှာ ကျိကျိတက် ချမ်းသာပြီး သူတို့ သားသမီးတွေကို အမေရိကားအထိ ကျောင်းတွေ ထားနေချိန်မှာ အောက်မှာရှိတဲ့ တိုင်းရင်း သားတွေက မွဲတေနေတာ၊ အခိုင်းခံ နေရတာတွေ ရှိပါတယ်။

လွှတ်တော်တွေမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အချက်ကို ဘယ်လို မှတ်ချက် ပေးချင်လဲ။ 

အဲဒါကတော့ တချို့နိုင်ငံတွေမှာလည်း ရှိပါတယ်။ ရှိနေတဲ့ တိုင်းပြည်တွေဟာ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့လိုပဲ သူပုန်၊ သူကန်တွေများလို့ ဒီအဖွဲ့အစည်းကို ထားထား ရတာကိုး။ လက်ရှိ အနေအထားအရ ကျွန်တော်တု့ိ သူတို့ကို စွန့်လွှတ်လို့ မရဘူး။ အတိုင်းအတာ တစ်ခုရောက်ရင်တော့ သူတို့ကို သွားခိုင်းရမှာပေါ့။

အတိုင်းအတာ ဆိုတာ ဘယ်လောက် အချိန်ကို ဆိုလိုတာလဲ။

အတိုင်းအတာဆိုတာ ကျွန်တော်တို့ အရင်ဆုံး ငြိမ်းချမ်းရေး လုပ်ရပါမယ်။ ငြိမ်းချမ်းရေး ပြေလည်သွားပြီ ဆိုတာနဲ့အမျှ သူတို့ နောက်ဆုတ်သွားဖို့ကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရပါမယ်။

အဲဒါတွေလုပ်ဖို့က အခြေခံဥပဒေ ပြင်ဆင်ရေးပဲ မဟုတ်လား။ ပြင်ဖို့ ပထမအဆင့်အတွက် လွှတ်တော်ထဲ ၇၅  ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုအပ်တယ် ဆိုတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

၄၃၆ ကိုတော့ ပြောရရင် ဟိုလွှတ်တော်ရောက်ရင် မဲစနစ်နဲ့ သွားတာကိုး။ အဲဒီ မဲစနစ်အပေါ် မှာ မူတည်တာပေါ့ဗျာ။ အဲဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတဲ့ စကားလုံးကိုတော့ ပြင်မှပဲရမှာ။ ဒါမှတခြားဟာ တွေ ပြင်လို့ရမှာ။ ကျော်ဖို့ ဆိုတာလည်း တပ်ထဲက ဟာတွေ (တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေ) ပါမှပဲရမှာ။ ဒါ့ကြောင့်မို့လို့ အတိုင်းအတာတစ်ခုအထိ တစ်ထစ်ချင်း လျှော့သွားမှရမှာ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လုံးဝဖြုတ်ထုတ် လိုက်ဖို့လည်း လက်ခံချင်မှ လက်ခံမှာပေါ့။

ဦးဌေးအောင် လွှတ်တော်ထဲ ရောက်သွားရင် ဘယ်လို ပုဂ္ဂိုလ်မျိုးကို ဒုသမ္မတအဖြစ် မဲမေး ရွေးချယ်မလဲ။

ပြည်သူ့လွှတ်တော်ထဲကို ရောက်လာကြမယ့် ပါတီတွေထဲမှာ ၇၃ ရာခိုင်နှုန်း လောက်နိုင်မှ အဲဒီ ပါတီက သူ့ရဲ့စိတ်ကြိုက် သမ္မတ တစ်ယောက်ကို ရွေးလို့ရမှာဖြစ်တယ်။ ဒါ့ကြောင့် NLD  နိုင်မလား။ ပြည်ခိုင်ဖြိုးနိုင်မှာလား ကျွန်တော်တို့ မသိရသေးဘူး။ အဲဒါသိပြီးမှ ဒါကို ဆက်စဉ်းစားလို့ရမယ်။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ အရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမြှောက်လို့ မရဘူး။ ဒါပေမယ့် လွှတ်တော်ထဲ ရောက်သွားလို့ လွှတ်တော်မှာ အားလုံး သဘောတူတယ်ဆိုရင် ဒုတိယသမ္မတ ပေးလို့ရပါတယ်။ ဖွဲ့စည်းပုံက ဘယ်လောက်ပဲ ရေးထားထား၊ ၇၅ ရာခိုင်နှုန်းကျော်၊ ၈ဝ ရာခိုင်နှုန်းတို့က မဲပေးမယ်၊ အားလုံးက သမ္မတလုပ်ပါလို့ ပြောရင်တော့ ဥပဒေကိုမပြင်ဘဲနဲ့ ချွင်းချက် အနေနဲ့ လုပ်လို့ရပါတယ်။ ကျွန်တော် ထင်ပါတယ်၊ သူ့တစ်ပါတီထဲ နိုင်သွားရင်တော့ သူသမ္မတ ဖြစ်ချင်မှ ဖြစ်မှာပါ၊ ညွန့်ပေါင်းအစိုးရ ဖြစ်လာရင်တော့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မြှောက်ပါလိမ့်မယ်။  ကျွန်တော်တို့တိုင်းပြည်က နှစ်ပေါင်းမြောက်များစွာ ဖအေသတ်၊ အကိုသတ်၊ ညီသတ်ပြီး အာဏာတွေယူလာတဲ့ တိုင်းပြည်၊ အာဏာကို မက်ကြတယ်။ ရသွားရင်လည်း အာဏာကို ယစ်မူးတတ်ကြတယ်။ လူတွေဟာ ဆင်းရဲတာကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြသလို ပေါ့။ ချမ်းသာတဲ့ ဒဏ်ခံနိုင်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly