ကာလုံအစည်းအဝေးအမြဲခေါ်ယူရန် တပ်မတော် တောင်းဆို

ကာလုံအစည်းအဝေးအမြဲခေါ်ယူရန် တပ်မတော် တောင်းဆို
Photo-Hein Htet/EPA

နေပြည်တော်၊ စက်တင်ဘာ ၂၈ ။             ။ လက်ရှိ နိုင်ငံတွင်းဖြစ်ပျက်နေသည့် အခြေအနေများ ၊ ငြိမ်းချမ်းရေး ၊ လုံခြုံရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး စသည့် ကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးကို အမြဲတမ်း ခေါ်ယူသင့်ကြောင်း တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ အခြေခံဥပဒေမှာ ဖော်ပြထားပြီးသား နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ သူတို့က ကျွန်တော်တို့ ဒီကာလုံခေါ်တဲ့ ဒီအဖွဲ့အစည်းကစစ်ဖြစ်တော့မှလုပ်မှာလား၊ အကြောင်းအရာ တစ်ခုခုဖြစ်ပေါ်မှ လုပ်မှာလား မဟုတ်ဘူးဗျ။ အမြဲတမ်းသုံးသပ်နေရမယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီကပြောသည်။

စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ ကျင်းပခဲ့သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင် းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အားလုံးက ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့အကုန်သွားရမယ်။ ဒါကတစ်ယောက်ကောင်း တစ်ဖွဲ့ကောင်း တစ်ဖွဲ့ရဲ့ အကျိုးစီးပွား တစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွားကိုရှေ့ရှုလို့မရဘူး။ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကိုရှေ့ရှုရမယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။

ကာလုံအစည်းအဝေးများခေါ်ယူမှသာ လက်ရှိ အခြေအနေများကို သုံးသပ်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) ကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးစသည့် ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ကာလုံအစည်းအဝေးများတွင် NLD ပါတီ နှင့် သက်ဆိုင်သူ ၄ ဦး ၊ တပ်မတော်နှင့် သက်ဆိုင်သူ ၆ ဦး၊ သူရဦးရွှေမန်းနှင့်ဆက်ဆံရေး နီးကပ်သူ ၁ ဦး ရှိနေခြင်းကြောင့် တစ်စုံတရာ ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်ဘက်က အသာစီးရနေသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကာလုံ အစည်းအဝေးခေါ်ယူရန်ကို သမ္မတမှ ဆုံးဖြတ်နိုင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတာဝန်ယူပြီးနောက်ပိုင်း ကာလုံအစည်းအဝေးကို တစ်ကြိမ်မျှ ခေါ်ယူခြင်းမရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly