HPV ဗိုင်းရပ်စ်က သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား

HPV ဗိုင်းရပ်စ်က သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

Human Papilloma Virus လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်ပိုးအကြောင်းကြားဖူးမှာပါ။ အရွယ်ရောက်ပြီးတဲ့သူတွေမှာအျားဆုံးတွေ့ရတတ်တဲ့ ဒီ HPV ဗိုင်းရပ်စ်ဟာ ကိုယ်ခန္ဓာရဲ့ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ အရေပြားတွေပေါ်မှာ အများဆုံး ရှိနေတတ်ပါတယ်။ လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တတ်ပြီး သားအိမ်ခေါင်းကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတဲ့အဓိက တရားခံပါ။

ဒါကတော့ ဖြစ်တဲ့သူမရှားတဲ့ HPV ဗိုင်းရပ်အကြောင်း အကျဉ်းချုံ့လေးဖြစ်ပြီးဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာက ခုမှလာမှာပါ။
HPV ဗိုင်းရပ်စ်ပိုးဟာ သန္ဓေအောင်နိုင်စွမ်းကိုထိခိုက်နိုင်လား။ သူတို့ နှစ်ခုကြား ဆက်စပ်မှုရော ရှိလား။

လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတော်တော်များများက မကုသရင် (ဒါမှမဟုတ်) ရောဂါသက်တမ်းရင့်လာရင် သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေတတ်ပါတယ်။

ဒါပေမယ့် HPV ဗိုင်းရပ်စပ်ပိုးကတော့ သားအိမ်ခေါင်းကင်ဆာကိုသာ အဓိကဖြစ်စေပြီး သန္ဓေအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုတော့ မရှိပါဘူး။
HPV ဗိုင်းရပ်စပ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို မထိခိုက်နိုင်ဘူးဆိုတော့ HPV ကိုကုသတဲ့ ဆေးကုသမှုကြောင့်ရော ထိခိုက်နိုင်လား။

HPV က ဗိုင်းရပ်ပိုးဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ အများကြီးသောက်ပြီး ကုသစရာတော့ မလိုပါဘူး။ HPV ကြောင့်ဖြစ်လာတဲ့ သားအိမ်ခေါင်းကင်ဆာ နဲ့ ပွားလာတဲ့ကြွက်နို့တွေကို ဖယ်ရှားဖို့သာ အများအားဖြင့်လိုပါတယ်။ ဒီလိုဖယ်ရှားဖို့ဆိုရင်

  •     cryotherapy – ပွားလာတဲ့ ပုံမှန် မဟုတ်တဲ ့တစ်ရှူးတွေကို အေးခဲစေလိုက်တာ ၊ဖယ်ထုတ်လိုက်တာမျိုး။
  •     cone biopsy – သားအိမ်ခေါင်း တစ်စိတ်တစ်ပိုင်းကို အသားစယူရင်းနဲ့ ဖယ်ထုတ်လိုက်တာမျိုး
  •     loop electrosurgical excision procedure (LEEP) – လျှပ်စစ်ဓာတ်စီးနေတဲ့ ဝါယာကြိုးလေးနဲ့ ဆဲလ်တွေကိုဖယ်ရှားပစ်လိုက်တာမျိုးတွေ လုပ်ပေးရပါတယ်။

ခုပြောပြတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖယ်ရှားပြီး HPV ဗိုင်းရပ်စ်ကို ကုသတဲ့နည်းတွေက

  •     သားအိမ်ခေါင်းအချွဲမြှေးထွက်တဲ့ စနစ်ကို ပြောင်းလဲလိုက်တာကြောင့် သန္ဓေအောင်နိုင်စွမ်းအပေါ် သွားသက်ရောက်မှု ရှိတတ်ပါတယ်။
  •     သားအိမ်ခေါင်းကို အနာဖြစ်စေပြီး အပေါက်ဝကို ကျဉ်းသွားစေတတ်တာကြောင့် သုက်ပိုး ကောင်လေးတွေ ဝင်ရောက်မှုကို ဟန့်ထားသလိုဖြစ်နေတတ်ပါတယ်
  •     နောက်ပြီး ထိခိုက်သွားတဲ့ သားအိမ်ခေါင်း လေးကြော့င့် သားအိမ်ခေါင်းအပေါက်မလုံတာမျိုးတွေ ဖြစ်တတ်ပြီး နေ့မစေ့ လမစေ့ မီးဖွားခြင်းတွေနဲ့ ကြုံတွေ့တတ်ပါတယ်။

အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကိုရော HPV ဗိုင်းရပ်စ်က ထိခိုက်စေတတ်လား။

  •     လေ့လာချက်တွေအရတော့ HPV ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတဲ့ သုက်ရည် တွေနဲ့ သုက်ပိုးလေးတွေကြောင့် သန္ဓေအောင်နိုင်ဖို့ အခက်အခဲရှိတယ်လို့ဆိုပါတယ်။
  •     သန္ဓေအောင်သွားခဲ့ရင်တောင် ချို့ယွင်းချက်ရှိနေတဲ့ သုက်ကောင်လေးကြောင့် လနုနုနဲ့ ကိုယ်ဝန်ပျက်ကျတာမျိုးတွေရှိတတ်ပါတယ်။

HPV ဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ သန္ဓေအောင်နိုင်စွမ်းကရော ဆက်စပ်မှု ရှိလား။

အရင်ကထင်ခဲ့ကြတဲ့ HPV ကာကွယ်ဆေးထိုးလိုက်ရင် ကလေးမရနိုင်တော့ဘူးဆိုတာ လုံးဝကို မှားပါတယ်။ ကာကွယ်ဆေးက သန္ဓေမအောင်နိုင်တာကို မဖြစ်စေတဲ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်မလာအောင်တောင် သူက တားဆီးပေးနိုင်မှာပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly