အမျိုးသားစာကြည့်တိုက်ဟောင်းကိုအရင်းပြု၍ ဦးပိုင်က တစ်နှစ်လျှင် ဒေါ်လာ သုံးသန်းရနေ

By ဝင်းနန္ဒာ & ခင်မို့မို့လွင်/Myanmar Now
27 September 2019
အမျိုးသားစာကြည့်တိုက်ဟောင်းကိုအရင်းပြု၍ ဦးပိုင်က တစ်နှစ်လျှင် ဒေါ်လာ သုံးသန်းရနေ
တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ POLO CLUB (Asia) Residence စာတမ်းပါ အမျိုးသားစာကြည့်တိုက်အဆောက်အအုံဟောင်း

နှစ်ပေါင်းများစွာ နေရာအတည်တကျ မရှိခဲ့သော အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သည် အမှတ် ၆၀၄/၆၀၈ ကုန်သည်လမ်းရှိ ယခင်ရေနံရုံးချုပ်အဆောက်အအုံနေရာတွင် ဖွင့်လှစ်ခွင့်ရပြီးသည့်နောက် အမျိုးသားစာကြည့်တိုက် ဆိုသော နာမည်နှင့်လိုက်အောင် ဣန္ဒြေရရ ခံ့ခံ့ညားညား ဝန်ဆောင်နိုင်တော့မည်ဖြစ်သည်။

ဘီအိုစီဟု အသိများသည့် ဘားမားရေနံကုမ္ပဏီ ရုံးချုပ်ဖြစ်ခဲ့ဖူးပြီး ၁၁၁ နှစ် သက်တမ်းရှိသည့် ထိုရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွင် အမျိုးသားစာကြည့်တိုက် ဖွင့်လှစ်ရန် ဘတ်ဂျတ် ကျပ် ကိုးဘီလျံ ရရှိထားပြီး လက်ရှိတွင် စာကြည့်တိုက်အတွင်းပိုင်း ပြင်ဆင်မှုနှင့် ကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်နေကာ ရှေ့နှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်မည်ဟု အာဏာပိုင်များက ခန့်မှန်းထားကြသည်။

စာကြည့်တိုက်အသစ်အတွက် ဘီလျံနှင့်ချီသော ဘတ်ဂျတ်ချထားပေးကာ ပြင်ဆင်နေချိန်တွင် တာမွေမြို့နယ်ရှိ နိုင်ငံပိုင်အမျိုးသားစာကြည့်တိုက် အဆောက်အအုံဟောင်းမှာတော့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်လက်ထဲ ရောက်သွားခဲ့ပြီး လက်လွှဲငှားရမ်းထားခြင်းမှတစ်ဆင့် ဦးပိုင်သည် တစ်နှစ်လျှင် ဒေါ်လာ ၃ ဒသမ ၁ သန်း (ကျပ် ၄ ဒသမ ၇ ဘီလျံ) ငှားရမ်းခ ရရှိနေပြီဖြစ်သည်။

လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ကိုးဧကကျယ်သော မြေနေရာပေါ်တွင် တည်ရှိသည့် အမျိုးသားစာကြည့်တိုက် ခြောက်ထပ်အဆောက်အအုံဟောင်းကို “ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့်” ဦးပိုင်လီမိတက်က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျပ် ၉၇၈၃ ဒသမ ၃၆၇ သန်း (ကျပ် ၉ ဒသမ ၇ ဘီလျံ) ဖြင့် ပေးချေ ဝယ်ယူခဲ့သည်ဟု ဦးပိုင်၏ ဒါရိုက်တာအဖွဲ့က ရှယ်ယာရှင်များအား တရားဝင်ထုတ်ပြန်သော ‘ ၂၀၁၀-၂၀၁၂ ခုနှစ် ၂၂ ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကြီးသို့ တင်သွင်းသည့် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ’ တွင် ဖော်ပြထားသည်။

အစောပိုင်းတွင် ဘားနဒ် အခမဲ့စာကြည့်တိုက်၊ ထို့နောက် နိုင်ငံတော်စာကြည့်တိုက်အဖြစ် ဂျူဘလီဟော၊ အမျိုးသားစာကြည့်တိုက်အဖြစ် ပန်းဆိုးတန်း၊ မြို့တော်ခန်းမ၊ ကမ်းနားလမ်း ခြောက်ထပ်ရုံးတို့တွင် နေရာအမျိုးမျိုးပြောင်းကာ ဖွင့်လှစ်ခဲ့ရသည့် အမျိုးသားစာကြည့်တိုက်အတွက် နေရာအတည်တကျ ဖြစ်ပြီဟု ယူဆခဲ့ရသည့် အဆောက်အအုံကို အထက်ပါ မြေနေရာ၌ ဆောက်လုပ်ရန် ၁၉၉၅ ခုနှစ်တွင် ပန္နက်ချခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မှန်များကွဲအက်ပျက်စီး ယိုယွင်းခဲ့သည့်အတွက်ဟုဆိုကာ စာကြည့်တိုက်အဖြစ်မှ ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ယခင် သစ်တောရေးရာဝန်ကြီးဌာနရုံး အဆောက်အအုံဟောင်းနေရာသို့ ပြောင်းရွှေ့ခဲ့ရသည်မှာ ယခုထက်ထိဖြစ်သည်။

၂၀၀၉ ခုနှစ်နှစ်ကုန်ပိုင်းတွင် ထိုအဆောက်အအုံ၏ မြေညီထပ်နှင့် ပထမထပ် နှစ်လွှာကို ဦးဇော်မင်းအေး၏ မိုးဆမ်းပန်း ကုမ္ပဏီများအုပ်စုက ငှားရမ်းကာ ကုမ္ပဏီရုံးခန်းများ ၂၀၁၂ နှစ်ဆန်းအထိ ဖွင့်လှစ်ခဲ့သည်ဟု ကုမ္ပဏီနှင့် နီးစပ်သူအချို့က ပြောသည်။ ဦးဇော်မင်းအေးသည် ဦးပိုင် ဥက္ကဋ္ဌဟောင်း (နောင် ၂၀၁၅ ရွေးကောက်ပွဲအထိ တာဝန်ယူခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ) ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ သားဖြစ်သည်။

သို့သော်လည်း ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်ပိုင် ထိုမြေနေရာနှင့် ထိုအဆောက်အအုံဟောင်းကို ဦးပိုင်က “ကျသင့်တန်ဖိုး” ကျပ် ၉ ဒသမ ၇ ဘီလျံဖြင့် ဝယ်ယူခဲ့ပြီးနောက် ထိုမြေနေရာနှင့် အဆောက်အအုံတွင် စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း သတင်းစာမှတစ်ဆင့် အဆိုပြုတင်ဒါ ခေါ်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် တင်ပြထားသည်။

၁၉၉၀ ပြည့်နှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ရှယ်ယာထည့်ငွေ၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်း ရှယ်ယာတို့ဖြင့် အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့သည့်စီးပွားရေးဦးပိုင်လီမိတက်သည် ၂၀၁၆ ခုနှစ် မတ်လမှစပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်သို့ ကူးပြောင်းကာ နိုင်ငံတော်ရှယ်ယာများကို ပြန်အပ်ခဲ့သည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခဲ့သည့် အချက်အလက်ရှာဖွေရေးမစ်ရှင်ကမူ ဦးပိုင်၏လုပ်ငန်းများမှ ရငွေများဖြင့် မြန်မာ့တပ်မတော်သည် လူနည်းစုများအပေါ် ထိုးစစ်ဆင်ရာတွင် သုံးစွဲနိုင်ဖွယ် ရှိသည်ဟု စွပ်စွဲထားပြီး ဦးပိုင်နှင့်လက်အောက်ခံ လက်ခွဲကုမ္ပဏီများ၊ ဖက်စပ်လုပ်နေသည့် ပြည်ပကုမ္ပဏီများနှင့် လက်တွဲမလုပ်ခြင်းဖြင့် အရေးယူရန် နိုင်ငံတကာကို တိုက်တွန်းထားသည်။

၂၀၀၉-၂၀၁၂ ဝန်းကျင်ကာလ စစ်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့်ကာလအတွင်း နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အအုံ၊ လုပ်ငန်းအများအပြားကို “ပုဂ္ဂလိကပိုင်ပြုရေး” ခေါင်းစဉ်ဖြင့် လက်လွှဲရောင်းချခဲ့ချိန်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ခေါင်းစဉ်အောက်သို့ အများအပြား ရောက်ရှိသွားခဲ့ရာ ထိုအမျိုးသားစာကြည့်တိုက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်ဟောင်းနေရာတွင် စီးပွားဖြစ်လုပ်ငန်းများ လုပ်ရန် ဦးပိုင်က တင်ဒါခေါ်ပြီးနောက် ကုမ္ပဏီ ၁၆ ခုက အဆိုပြုလွှာများ တင်သွင်းခဲ့ပြီး Blazon Group (ဘလေဇွန် လုပ်ငန်းစုများ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်)၊ Hypermart Co., Ltd (ထူးကဲသော ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်) ၊ Silver Wave Trading ကုမ္ပဏီနှင့် လက်ဝါးကုမ္ပဏီတို့ကို ရွေးချယ်ခဲ့သည်။

နှစ် ၃၀ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (B.O.T) စနစ်ဖြင့် ထိုနေရာတွင် ဈေးဝယ်စင်တာ၊ အဆင့်မြင့်လူနေအိမ်ခန်းနှင့် ရုံးခန်းများ ဖွင့်လှစ်ရန် လျာထားကြောင်း၊ တည်ဆောက်ချိန်ကာလ နှစ်နှစ်ဖြစ်ပြီး ငှားရမ်းခအဖြစ် ဦးပိုင်အား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း နှင့် လက်မှတ်ထိုးကြေး ဒေါ်လာတစ်သန်း ပေးသွင်းရမည်ဖြစ်ကြောင်း အထက်ပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုနေရာတွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် တင်ဒါအောင်ထားသည့် ကုမ္ပဏီများပေါင်းထားသော HSL Group JV Co., Ltd ကို ၂၀၁၄ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ခဲ့သည်။ HSL GROUP တွင် လက်ဝါးကုမ္ပဏီမှ ဦးခင်မောင်အေးနှင့် ဦးသင်းမောင်အေး၊ Silver Wave Trading မှ ဦးမင်းမင်းအောင်၊ ဘလေဇွန်မှ ဦးဟန်ကြည်တို့ ဒါရိုက်တာအဖြစ် ပြန်လည်ပါဝင်နေသည်ဟု DICA ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။

ပုဂ္ဂလိကကုမ္ပဏီများက ဦးပိုင်အား ငှားရမ်းခ စတင်ပေးသွင်းရသည့် ရက်စွဲကို မသိရပါ။ ပုဂ္ဂလိကပိုင်အဖြစ် ဝယ်ယူစဉ်က ကျပ် ၉ ဘီလျံကျော် (ထိုစဉ်ကပေါက်ဈေးဖြင့် ဒေါ်လာ ၁၀ သန်းဝန်းကျင်) ဖြစ်သဖြင့် သုံးနှစ်၊ လေးနှစ်အတွင်း အရင်းကျေမည်ဟု တွက်ချက်ရရှိနိုင်သည်။

အထက်ပါအစီရင်ခံစာတွင်မူ အရင်းကျေကာလကို ၅ နှစ်နှင့် ၁၀ လ (တည်ဆောက်ပြုပြင်ကာလ နှစ်နှစ်အပါအဝင်) ဟု ဆိုထားသည်။ လက်ရှိဒေါ်လာပေါက်ဈေး ပျမ်းမျှ ကျပ် ၁၅၀၀ နှုန်းအရဆိုလျှင် ဦးပိုင်သည် ယခုအချိန်တွင် နှစ်ဆကျော် အမြတ်ရနေနိုင်ပြီဟု ယူဆရသည်။

ဟိုတယ်၊ ပုဂ္ဂလိက ဆေးရုံနှင့် ဈေးဝယ်စင်တာများ ဆောက်လုပ်ရန် လျာထားခဲ့သည်ဟု ဆိုသော်လည်း လက်ရှိအဆောက်အအုံတွင် တရုတ်စာတမ်းပါ ဆိုင်းဘုတ်များ ကပ်ထားသော Western Park ဆိုသည့် စားသောက်ဆိုင်နှင့် Polo Club (Asia) Residence အရောင်းပြခန်းများမှလွဲ၍ မည်သည့်စီမံကိန်းကိုမျှ ဆောင်ရွက်နေသည်ကို မတွေ့ရပေ။

အနက်ရောင်မှန်ချပ်များ တပ်ဆင်ထားပြီး တစ်ချိန်က အမျိုးသားစာကြည့်တိုက်ဟောင်းဖြစ်ခဲ့သော ခြောက်ထပ် အဆောက်အအုံဟောင်းကြီး၏ ထိပ်ပိုင်းမျက်နှာစာတွင် POLO CLUB (ASIA) Residence (Sales Gallery) စာတမ်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။

တင်ဒါအောင်ကုမ္ပဏီများပူးပေါင်းထားသော HSL Group နှင့် စင်ကာပူအခြေစိုက် Golden Glory ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ၃၄ ထပ်မြင့်သည့် လူနေတာဝါနှစ်လုံးနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ ထည့်သွင်းတည်ဆောက်မည့် Polo Club Asia Hotel and Residence စီမံကိန်းကို တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်က မြန်မာတိုင်း(မ်) သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိထားသည်။
Polo Club Asia Residence ၏ အင်တာနက်စာမျက်နှာတွင် ယခုတည်ဆောက်မည့် ရန်ကုန်မြို့၏ အမြင့်ဆုံးဖြစ်လာမည့် ကွန်ဒိုစီမံကိန်းပါ တာဝါ အဆောက်အအုံနှစ်လုံးကို အဆင့်သုံးဆင့် ခွဲကာ တည်ဆောက်သွားမှာဖြစ်ပြီး ဈေးဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ၊ ဟိုတယ်များ၊ ဘဏ်များလည်း ပါဝင်မည်ဟု ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၁ ရက် နေ့စွဲဖြင့် ထုတ်သည့် The Global New Light of Myanmar သတင်းစာတွင် အဆိုပါ စီမံကိန်းအတွက် HLS Group ၏ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ China State Construction Engineer Corporation ၏အရှေ့တောင်အာရှ အမှုဆောင်အရာရှိချုပ် မစ္စတာ Xu Xiaojin (ရှူရှောက်ကျင်) တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကျင်းပခဲ့ပြီး ထိုအချိန်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့သည်ဟု သတင်းဖော်ပြထားသည်။

စီမံကိန်းတွင် ပါဝင်သည့် တာဝါနှစ်လုံးအနက် ပထမတစ်လုံးပါ အခန်းများကို ပြီးခဲ့သည့် နှစ်များက ရောင်းချခဲ့ပြီး ယခုအခါ အိမ်ရာရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း၊ အခန်းအကျယ်အဝန်းမှာ ၇၉၄ စတုရန်းပေမှ ၂၆၂၄ စတုရန်းပေ အထိ ရှိပြီး အခန်းဈေးနှုန်းများမှာ ၁ စတုရန်းပေလျှင် ဒေါ်လာ ၃၀၀ မှ ၄၉၀ အထိ ရှိကြောင်း Myanmar Builders Guide ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။
လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရပ်နားထားရသည့် အကြောင်းရင်းကို မသိရပေ။

အမျိုးသားစာကြည့်တိုက်ဟောင်းနေရာတွင် ပိုလိုကလပ်အမည်ရသည့် ရန်ကုန်၏အမြင့်မားဆုံးသော အထပ်မြင့်အိမ်ယာစီမံကိန်းအကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ်က မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာရေးထိုးရေးအခမ်းအနားကို ဆီဒိုးနားဟိုတယ်တွင် ကျင်းပရာ ထိုစဉ်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေတက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် Global New Light of Myanmar က သတင်းဖော်ပြခဲ့သည်။

အဆိုပါနေရာတွင် အကောင်အထည်ဖော်မည့် စီးပွားဖြစ်စီမံကိန်းများအကြောင်း လက်ရှိအခြေအနေကို သိရှိနိုင်ရန် Myanmar Now က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီမံခန့်ခွဲမှုမန်နေဂျာ ဦးမျိုးအောင် နှင့် တင်ဒါအောင်ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းခွင့်ရရန် လူကိုယ်တိုင်သွားရောက်၍ရော၊ စာပို့ခြင်းဖြင့်ပါ ကြိုးပမ်းခဲ့သော်လည်း ယခုဆောင်းပါးရေးချိန်အထိ မေးမြန်းခွင့် မရသေးပါ။
Polo Club Asia Residence စီမံကိန်းတွင် ပြည်တွင်း HSL Group နှင့် “အကျိုးတူ” ဆောက်လုပ်မည့် စင်ကာပူအခြေစိုက် Golden Glory ကုမ္ပဏီကို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိပေ။ ထို့ပြင် စီမံကိန်းတွင် ပါဝင်သည့် ပြည်တွင်းအခြေစိုက် HSL Group JV Co., Ltdမှ ဒါရိုက်တာ ဦးခင်မောင်အေးနှင့် Blazon Group ကုမ္ပဏီ ဒါရိုက်တာ ဦးဟန်စိန်တို့ထံ ဆက်သွယ်ရာတွင်လည်း ၎င်းတို့က မအားလပ်၍ဟုဆိုကာ ဖြေကြားခြင်း မရှိပေ။

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင်နေရာများကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းခဲ့သည့် နေရာများအနက် အစိုးရအနေဖြင့် ပြန်လည် ရယူနိုင်သည့် နေရာများကို ရယူရန် အဆိုတစ်ခု ၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့ဖူးသည်။

အစိုးရက ပြန်လည်ရယူမည့် အများပြည်သူပိုင်နေရာများတွင် အမျိုးသားစာကြည့်တိုက်ဟောင်း မြေနေရာ ပါဝင်ခြင်း မရှိပေ။ အဆိုတင်သွင်းသူ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ယခင်အစိုးရများလက်ထက် ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့သည့် နေရာများတွင် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသည့် စီမံကိန်းနေရာများမှာမူ ပြန်လည်ရယူရန် မလွယ်ကူတော့ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရလက်ထက်တွင် ယင်းဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

အမျိုးသားစာကြည့်တိုက်အဆောက်အအုံကို ဦးပိုင်က ဝယ်ယူခဲ့ခြင်းသည် နာဂစ်မုန်တိုင်းဒဏ်ဖြင့် ပျက်စီးသွားခြင်းကြောင့်တော့ ဟုတ်ဟန်မတူပါ။ ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းကမူ အမျိုးသားစာကြည့်တိုက်သည် မုန်တိုင်းဒဏ်ကြောင့် အကြီးစားပျက်စီးသွားခြင်း မဟုတ်သဖြင့် အနည်းငယ် ပြန်လည်ပြင်ဆင်လျှင် စာကြည့်တိုက်အဖြစ် ဆက်လက်ထားရှိနိုင်ကြောင်း ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသဖြင့်ဟုဆိုကာ အမျိုးသားစာကြည့်တိုက်ကို တာမွေမြို့နယ်ရှိ ထိုနေရာမှ ရန်ကင်းမြို့နယ် လက်ရှိနေရာသို့ ထပ်မံပြောင်းရွှေ့ရန် အမိန့်ကျလာခဲ့ခြင်းဖြစ်သည်ဟု ဦးသော်ကောင်းက ပြောသည်။

“အဲဒီတုန်းက ပြောင်းကြရွှေ့ကြတော့ ပေပုရပိုက်တွေတောင် ပျက်စီးတယ်၊ ပျောက်တယ် ပြောကြတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ ကြားတာပေါ့။ ပေ၊ ပုရပိုက်ဆိုတာ ဒီလို ဆာလာအိတ်နဲ့ထည့်ပြီး ရွှေ့လို့ရတဲ့ဟာမှ မဟုတ်ပဲ” ဟု ၎င်းက ပြောသည်။

Myanmar Now က မကြာသေးမီက ရန်ကင်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် လက်ရှိနေရာသို့ သွားရောက်ခဲ့ရာ စာကြည့်တိုက်မှာ နေရာကျဉ်းပြီး အလင်းရောင် ကောင်းစွာမရကြောင်း တွေ့ခဲ့ရသည်။ စာကြည့်တိုက်သို့ လာရောက်သူ တစ်ရက်လျှင် ပျမ်းမျှ ငါးယောက်ခန့်၊ ပိတ်ရက်များတွင် ၁၀ ဦးခန့် လာရောက်ပြီး သုတေသနလုပ်နေသူများသာ လာရောက်ကြသည်ဟု စာကြည့်တိုက်ဝန်ထမ်းတစ်ဦးက ပြောပြသည်။

အမျိုးသားစာကြည့်တိုက်ကို ရန်ကုန်မြို့လယ်နှင့် နီးသည့်နေရာမှာ ထားရှိပေးရန် တောင်းဆိုမှုများကြောင့် ကုန်သည်လမ်း ယခင်မြန်မာ့ရေနံနှင့်ဓာတုရုံး အဆောက်အအုံဟောင်းတွင် ဖွင့်လှစ်ရန် သမ္မတဟောင်း ဦးထင်ကျော်လက်ထက်တွင် ခွင့်ပြုမိန့်ကျခဲ့သည်။

အမျိုးသားစာကြည့်တိုက်တွင် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်နှင့် လက်ရေးစာပေါင်း ခြောက်သိန်းခွဲနီးပါး ရှိသည်ဟု မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly