ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး တို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး တို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

နေပြည်တော် စက်တင်ဘာလ( ၂၆ )ရက် ။          ။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ကို အဂတိလိုက်စားမှုဖြင့်  အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားလာသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ အဂတိလိုက်စားမှုနှင့် နိုင်ငံတော်ငွေကြေးနစ်နာဆုံးရှုံးများရှိသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

ဦးချစ်တိုး သည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းတွင်  နောက်ကျဒဏ်ကြေး တန်ဖိုး ယူရို ၂၂၅၉၃၀ ဒသမ ၆၉ အား တောင်းခံရန် ပျက်ကွက်မှုနှင့် ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင် ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ် နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြား ငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ကော်မရှင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူပင်  ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင် သည် ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိသော ရေအားလျှပ်စစ် ဒီဇိုင်းများနှင့်စပ်လျဉ်း၍ မူလကမ်းလှမ်းသော စျေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခအဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေ အဖြစ်လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က သတင်းထုတ်ပြန်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း တို့တွင် ၂၆-၉-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၂၆ရက်နေ့ ညနေတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly