စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်ကျေးရွာနှင့်မြင်းသာကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်ကျေးရွာနှင့်မြင်းသာကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

စစ်ကိုင်း ၊စက်တင်ဘာ ၂၆ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ကိုင်းပြင်ကျေးရွာနှင့်မြင်းသာကျေးရွာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း များကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းကပြောသည်။

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးသက်ဝင်းက စစ်ကိုင်းမြို့နယ်ရှိ ကိုင်းပြင်၊ ဥယျာဉ်၊ မြင်းဆည်၊ မြင်းသာ ကျေးရွာများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေမှု အန္တရာယ်မှကာကွယ်ရန် ကမ်းထိန်း နံရံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ သိလိုကြောင်း မေးမြန်းခဲ့ရာ ဝန်ကြီးက ယင်းကဲ့သို့ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေစာရင်းတွင် စစ်ကိုင်း မြို့နယ်၊ မြင်းဆည်ကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁၀၀ နှင့်စစ်ကိုင်းမြို့နယ် ဥယျာဉ်ကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁၀၀ အသီးသီးပါဝင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်ကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၂၅၀ တင်ပြ တောင်ခံခဲ့သော်လည်း ရန်ပုံငွေခွဲဝေမှုအခြေအနေရ ပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း ဝန်ကြီး ဦးသန်းညွန့်ဝင်းကပြောသည်။

"၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှာ ကိုင်းပြင်ကျေးရွာနဲ့ မြင်းသာကျေးရွာကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေဆက်လက်တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှု အခြေအနေရ ဆောင်ရွက်ပေးသွားမယ်"ဟု ဦးသန်းညွှန့်ဝင်းကပြောသည်။

စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်၊ ဥယျာဉ်၊ မြင်းဆည်၊ မြင်းသာကျေးရွာများရှိ မြစ်ကမ်းပါးများသည် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် နှစ်စဉ် ၁၀ ပေမှ ပေ၂၀ အထိ ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လျက်ရှိပြီး မြစ်ကမ်းပါးတစ်လျှောက်ရှိ လူနေအိမ်များအတွက် များစွာအန္တရာယ်ရှိနေပြီဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သက်ဝင်းက ပြောသည်။

အဆိုပါကျေးရွာများသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသော ကျေးရွာများဖြစ်ပြီး မြင်းသာကျေရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ၂၀၁၇ ခုနှစ်မှစ၍ ယနေ့အထိ လူနေအိမ် ၁၂ လုံးနှင့်ထပ်မံပြောင်းရွှေ့ရမည့်လူနေအိမ် ၇ လုံး၊ ဥယျာဉ်ကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ၂၀၁၇ ခုနှစ်ကစ၍ ယနေ့အထိ လူနေအိမ် ၁၇ လုံးနှင့် ထပ်မံ ပြောင်းရွှေ့ရမည့်လူနေအိမ်များရှိနေကြောင်း သိရသည်။ ထို့အပြင် မြင်းဆည်ကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ၂၀၁၉ ခုနှစ်တွင် လူနေအိမ် ၂ လုံးနှင့်ထပ်မံပြောင်းရွှေ့ရမည့်အိမ်များရှိနေကာ ကိုင်းပြင်ကျေးရွာတွင် မြစ်ရေ တိုက် စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်နေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly