လုံခြုံရေးအစီအမံများ အားထည့်ဆောင်ရွက်နေဟု ရဲတပ်ဖွဲ့ ပြော

လုံခြုံရေးအစီအမံများ အားထည့်ဆောင်ရွက်နေဟု ရဲတပ်ဖွဲ့ ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ တိုင်းနှင့်ပြည်နယ်များအသီးသီးတွင် လုံခြုံရေးဆိုင်ရာ အစီအမံများ ရေးဆွဲထားပြီး လတ်တလောတွင်လည်း အဆိုပါ အစီအမံများအတိုင်း စနစ်တကျ ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက စက်တင်ဘာ ၂၆ရက်တွင် မဇ္ဈိမကို ပြောသည်။

“အွန်လိုင်းပေါ်မှာပျံ့နေလို့ သတင်းတွေတက်လာလို့ လုပ်ထားတာတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပဲ အစီအမံတွေအတိုင်းပဲ အားထည့်ပြီးတော့ ဆောင်ရွက်နေတဲ့အနေအထားပါ” ဟု ရဲမှူးကြီး မျိုးသူစိုးက ယနေ့နံနက် ၁၁နာရီ၊ ၅ဝမိနစ်အချိန်တွင် တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

မြန်မာနိုင်ငံရှိ အဓိက မြို့ကြီးများဖြစ်သောနေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေးတို့တွင် ဖောက်ခွဲ၊ တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်လာနိုင်သည့် သတင်းများအရ မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားများ သတိပြုရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့ စက်တင်ဘာ ၂၆ အပါအဝင် လာမည့် အောက်တိုဘာ ၁၆ရက်၊ ၂၆ရက်နှင့် လာမည့်လများတွင် ရန်ကုန် နေပြည်တေ်ာနှင့် မန္တလေး မြို့များတွင် တိုက်ခိုက်မှုများဖြစ်ပေါ်မည့် အလားအလာ သတင်းများအား မြန်မာလုံခြုံရေးတပ်ဖွဲ့များက စုံစမ်းစစ်ဆေးစိစစ်နေကြသည်ဟု ဖော်ပြထားသည်။

လုံခြုံရေးအရ လတ်တလော ထူးခြားမှု တစ်စုံတစ်ရာ ရှိပါသလားဟု မဇ္ဈိမက မေးမြန်းရာ “မရှိပါဘူး။ လောလောဆယ် သတင်းပေးပို့ချက်လည်း မရှိပါဘူး” ဟု ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

နေပြည်တော်တွင် ဖောက်ခွဲမှု ပြုလုုပ်မည်ဟု သတင်းရရှိသဖြင့် လုံခြုံရေး အထူးဂရုပြုရန် စက်တင်ဘာ ၁၆ရက်၊ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် စာတစ်စောင် ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ထိုထုတ်ပြန်ချက်မှာ အမှန်ဖြစ်သည်ဟု တာဝန်ရှိသူများက အတည်ပြုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များဖြစ်သော ရက္ခိုင့်တပ်(AA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)  အပါအဝင် NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊  ချင်းအမျိုးသားတပ်ဦး(CNF) တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၆ရက် သို့မဟုတ် ၂၆ရက်နှင့် အောက်တိုဘာ ၁၆ရက် သို့မဟုတ် ၂၆ရက်တို့တွင်  ဖောက်ခွဲမှုလုပ်မည်ဟု သတင်းရထားသောကြောင့် လုံခြုံရေး အထူးဂရုစိုက်ရန် ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနများကို ညွှန်ကြားထားသည်။

 

ထုတ်ပြန်ချက်တွင် ပါရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကမူ အဆိုပါကိစ္စအပေါ် ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

လက်ရှိတွင် တပ်မတော် အနေဖြင့်လည်း လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်နေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီး ဂရုတစိုက် ဆောင်ရွက်လျက် ရှိပါတယ်။ လုံခြုံရေးဆိုတာတော့ ဘယ်အရာမှ ပိုတယ် မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်သင့်တဲ့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဂရုတစိုက် ဆောင်ရွက်လျက် ရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly