ရှေ့နေတစ်ဦး တရားစွဲခံရတဲ့ ဗစ်တိုးရီးယားအမှု နောက်ဆက်တွဲ

ရှေ့နေတစ်ဦး တရားစွဲခံရတဲ့ ဗစ်တိုးရီးယားအမှု နောက်ဆက်တွဲ
Wisdom Hill ကိုယ်ပိုင်ကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်

နေပြည်တော်(စက်တင်ဘာ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်က နာမည်ကျော် ဗစ်တိုးရီးယားအမှု ခုနှစ်ကြိမ်မြောက် ရုံးချိန်းအပြီး နောက်တစ်ရက်မှာ သံသယတရားခံ အောင်ကြီးဘက်က အမှုလိုက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲက အမျိုးသမီး တရားလွှတ်တော်ရှေ့နေတစ်ဦး တရားစွဲခံရပါတယ်။  

တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို အများဆုံး ထောင်ဒဏ် တစ်နှစ်အထိ ချလို့ရတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၁၀၁(က)(၂)နဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြိုကနယ်တရားရုံးမှာ စက်တင်ဘာ ၂၅ရက်နေ့ ညနေပိုင်းက တရားစွဲတင်လိုက်တာပါ။

တရားလို ဒေါ်ဥမ္မာလှိုင်

နေပြည်တော်၊ သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Wisdom Hill ကိုယ်ပိုင်ကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားလိုလုပ်ပြီး ဩဂုတ်လ ၃၁ရက်နေ့ကတည်းက ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

NLD ဦးဆောင်တဲ့ လွှတ်တော်က ပြဌာန်းထားတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လံခြုံမှုကို ကာကွယ်ပေးပေးဥပဒေ ပုဒ်မ ၁၀ အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၀၁(က)(၂)၊ ၁၀၁(က)(၅)တို့နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ တိုင်တဲ့သူရှိရင် (အမှု)ဖွင့်ရမှာကိုး။ ပြီးရင် စစ်ဆေး၊ ဆောင်ရွက်ရမှာ ကျွန်တော်တို့ တာဝန်လေ။ မဖွင့်ပေးလို့မှ မရတာ” လို့ ပတ္တာရဲစခန်းရဲ့ စခန်းမှူးဖြစ်သူ ဒုရဲအုပ် ဇော်လင်းထက်က စက်တင်ဘာ ၂၅ရက်၊ နေ့လည်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး ရဲစခန်းက ဆင့်ခေါ်တဲ့အတွက် စက်တင်ဘာ ၂၅ရက်နေ့၊ နေ့လည် ၁၂နာရီခွဲလောက်မှာ ပတ္တာရဲစခန်းကို တရားလို ဒေါ်ဥမ္မာလှိုင်က သူ့ရဲ့ အမျိုးသားဖြစ်သူနဲ့အတူ ကားတစ်စီးနဲ့ ရောက်လာခဲ့ပါတယ်။

“သားတွေအတွက် အမှန်တရားကို တစ်ကန့်ချင်းစီ ချပြသွားမယ်” လို့ သတင်းထောက်တွေရဲ့ ဝိုင်းဝန်းမေးမြန်းမှုအပေါ် ဒေါ်ဥမ္မာလှိုင်က တစ်ခွန်းတည်းသော မှတ်ချက်စကား ပြောသွားပါတယ်။

တရားစွဲတဲ့ အကြောင်းရင်း

ဩဂုတ်လ ၁၄ရက်နေ့ ဗစ်တိုးရီးယားအမှု လေးကြိမ်မြောက် တရားခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အသက်သုံးနှစ်အရွယ် ဗစ်တိုးရီးယား(အမည်ရင်းမဟုတ်) ရဲ့ ဖခင်ဖြစ်သူက ဗီဒီယိုဖိုင် နှစ်ခုကို တရားရုံးမှာ သက်သေခဲ့အဖြစ် တင်သွင်းခဲ့ပါတယ်။
 
အဲ့ဒီနေ့ တရားခွင်ထဲမှာ ဗစ်တိုးရီးယားဖခင်ရဲ့ ထွက်ဆိုချက်တွေအပေါ် တရားခွင်အပြီးမှာ ဒေါ်စုဒါလီအောင်ရဲ့ ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးဖြေကြားချက်ကို အကြောင်းပြုပြီး တရားစွဲဆိုခဲ့တာပါ။

ဘယ်ဖြေကြားချက်ကို အဓိက ပစ်မှတ်ထားပြီး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုခဲ့တာလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဩဂုတ်လ ၁၄ရက် ရုံးချိန်းတုန်းကတော့ ဗစ်တိုးရီးယားရဲ့ ဖခင်က ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ကိုကို၊ ညီညီ အပါအဝင် လူတစ်ချို့ရဲ့ ဓာတ်ပုံတွေကို ဗစ်တိုးရီးယားထံ ပြသပြီး မေးမြန်းထားတဲ့ ဗီဒီယိုဖိုင် နှစ်ခုပါ Samsung အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို တရားရုံးမှာ တင်သွင်းထားပါတယ်။

တရားစွဲတဲ့ ပုဒ်မရဲ့ အဓိပ္ပာယ်

တရားလို ဒေါ်ဥမ္မာလှိုင်က ပုဒ်မ(၃)ခုနဲ့ အမှုဖွင့်ထားပေမယ့် ဥပဒေအကြံပြုချက်အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) အမှုတစ်ခုကိုပဲ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ လက်ခံ၊ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂)ဟာ စွဲစွဲခံရတဲ့ ကလေးသူငယ် ဒါမှမဟုတ် မှုခင်းမှာ သက်သေအဖြစ် ပါဝင်နေတဲ့ ကလေးသူငယ်ကို ဓာတ်ပုံရိုက်တာအပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းမှာ ဖော်ပြတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ယက်တွေမှာ ထုတ်လွှင့်ပြသဖို့ ကန့်သတ်ထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။

အထက်ပါ ကန့်သတ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားမယ်ဆိုရင် အနည်းဆုံး လေးလကနေ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်လေးသိန်းမှ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ် ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။

ဒေါ်စုဒါလီအောင်ကတော့ “ဒီဟာကို မငြိစွန်းဘူးလို့ ကျွန်မကတော့ ယုံကြည်တယ်” လို့ ဆိုပါတယ်။

ခြိမ်းခြောက်၊ ဖိအားပေးမှု၊ နောက်ယောင်ခံလိုက်မှုတွေ ရှိတယ်လို့ဆို

ထူးခြားဖြစ်စဉ်အနေနဲ့ ဗစ်တိုးရီးယားအမှုကို မလိုက်ဖို့ ဖိအားပေး၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့သလို အမှုစစစ်ပြီး ဒုတိယမြောက် ရုံးချိန်းမှာ ဒေါ်စုဒါလီအောင်ရဲ့ကားနောက်ကို ဆိုင်ကယ်နှစ်စီးနဲ့ နောက်ယောင်ခံလိုက်လာတာ၊ နောက်ထပ်နှစ်ရက်လောက်အကြာမှာလည်း ကားတစ်စီးနဲ့ နောက်ယောင်ခံလိုက်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ကာယကံရှင်က အရိပ်အမြွက် ထုတ်ပြောခဲ့ပါတယ်။

“ဒါကတော့ ဒီအမှုလိုက်ပြီးမှ ထူးခြားတဲ့ဖြစ်စဉ်ပေါ့နော်။ သူတို့ ဘာလုပ်မယ်၊ မလုပ်ဘူးတော့ ကျွန်မလည်း မသိဘူး။ ကျွန်မအတွက်တော့ အန္တရာယ် ရှိနေလောက်ပြီလို့ ထင်တဲ့အတွက် ကျွန်မကားမှာ အခုတော့ ကင်မရာ တပ်ထားတယ်” လို့ ဒေါ်စုဒါလီအောင်က ပြောပါတယ်။

ကျပ်သိန်းတစ်ရာနဲ့ အာမခံပေး

တရားစွဲခံရတဲ့ ဒေါ်စုဒါလီအောင်ကို ပုဗ္ဗသီရိမြို့နယ်တရားရုံးက ငွေကျပ်သိန်းတစ်ရာနဲ့ စက်တင်ဘာ ၂၅ရက်၊ ညနေပိုင်းမှာ အာမခံပေးခဲ့ပါတယ်။

နောက်ရုံးချိန်းကို အောက်တိုဘာလ ရရက်နေ့မှာ ပြန်လည်ချိန်းဆိုထားပြီး အဲ့ဒီ ရုံးချိန်းမှာ တရားလို ဒေါ်ဥမ္မာလှိုင်လည်း လာရမှာ ဖြစ်ပါတယ်။

အခုလို တရားစွဲခံရတဲ့အတွက် ဒီအမှုကို ဆက်လိုက်ဦးမှာလားလို့ သတင်းထောက်တစ်ဦးရဲ့ အမေးကိုတော့ “ကျွန်မက ဒီအမှုကို ပြီးဆုံးအောင် လိုက်မှာရှင့်။ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပါဘူး” လို့ ဒေါ်စုဒါလီအောင်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly