တိုင်းရင်းသားနာမည်များတွင် ဦး/ဒေါ် တပ်ခြင်းများကို ပြင်ဆင်ရန် ပြည်ထောင်စု သို့ တင်ပြသွားမည်

တိုင်းရင်းသားနာမည်များတွင် ဦး/ဒေါ် တပ်ခြင်းများကို ပြင်ဆင်ရန် ပြည်ထောင်စု သို့ တင်ပြသွားမည်
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်

မော်လမြိုင်၊ စက်တင်ဘာ ၂၅ ။             ။ တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းပေးသွားမည့်အပြင် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများလည်း ပြန်လည်ပြင်ဆင်ပေးရန် ပြည်ထောင်စုသို့ အဆင့်ဆင့် တင်ပြသွားမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က တိုင်းရင်းသားလူမျိုးများ၏ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် လူမျိုးနှင့် သက်ဆိုင်သည့်အခေါ်အဝေါ်များ ထည့်သွင်းရေးသားဖော်ပြပေးရန် အစီအစဉ် ရှိ/မရှိနှင့် ယခင်က မှားယွင်းစွာထည့်သွင်းဖော်ပြခံရသူများ ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းခဲ့ရာမှ ဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တိုင်းရင်းသားတွေရဲ့ စရိုက်လက္ခဏာတွေ မပျောက်ပျက်အောင် ထည့်ပေးတယ်၊ ထည့်ပေးဖို့လည်း ဆောင်ရွက်ပေးတယ်၊ ဒါပေမယ့် ကာယကံရှင် ကိုယ်တိုင်တိုင်က ရွေးချယ်ပြီးတော့မှ လုပ်ရမယ်၊ မွေးစာရင်းမှာ မိမိမှည့်လိုတဲ့ အမည်ကို ထည့်သွင်းပြီး ထွေ-၁(က)နဲ့လည်း တူရမယ်၊ အဲဒါပြီးမှ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မှာ ထည့်သွင်းရမှာဖြစ်ပါတယ်၊ ဒါက မှတ်ပုံတင်ခင်။ နောက်တစ်ခုက မှတ်ပုံတင် ထားပြီးပြီ/ ပြန်လည် ပြင်ဆင်တဲ့နေရာမှာ ဒါက လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုအထိ တင်ရမယ်၊ အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။” ဟု ဝန်ကြီးက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်အတူ တိုင်းရင်းသားဒေသများသို့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေများ အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးများ၏တောင်းဆိုချက်အပေါ်အခြေခံကာ မေးမြန်းရ ခြင်းဖြစ်ကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကျောင်းတွေမှာ မှတ်ပုံတင်လုပ်ရင် ကလေးက သူ့ကိုသူ စောထည့်ရမလား မောင် ထည့်ရမလား၊ မ ထည့်ရမလား မသိဘူး၊ ဒါက ကျောင်းတွေမှာ မှတ်ပုံတင်လုပ်တဲ့အခါကြရင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့သဘောသဘာဝ၊ ဒီလိုအဖြစ်အပျက်မျိုးတွေက အများကြီး ရှိနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာဖြစ်သည့် မွန်လူမျိုးဆိုလျှင် မင်း၊ နိုင်၊ မိ၊ ကရင်လူမျိုးဆိုလျှင် စော၊ နန်း၊ မာန်၊ ဗမာလူမျိုးဆိုလျှင် ဦး၊ မောင်၊ ဒေါ်၊ မ၊ ပအိုဝ်းလူမျိုးဆိုလျှင် ခွန်၊ နန်း အစရှိသော လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းခေါ်ဆိုသုံးစွဲကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်သည့်အချိန်တွင် ယင်းတို့၏အမည်နာမရှေ့ တွင် ဦး၊ ဒေါ်၊ မောင်၊ မ တို့ကို ထည့်သွင်းခြင်းခံနေရမှုများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ် ပေါ်ပေါက်လာပြီး ဖြစ်သည့် အတွက် အဆိုပါကိစ္စများကို ပြန်လည်ပြင်ဆင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိသဖြင့် တောင်းဆိုရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်ကလည်း ပြောဆိုသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများအတွက် တိုင်းရင်းသားလူမျိုးများ၏အမည်ရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ ထည့်သွင်းကောက်ခံနေသဖြင့် တိုင်းရင်းသားများအကြား ဝေဖန်ပြောဆိုမှုများရှိနေသော်လည်း နည်းပညာ ပိုင်းအရ ကျား/မ ခွဲခြားနိုင်ရေးအတွက် ထည့်သွင်းကောက်ခံရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်မှ ပြောဆိုထားသည်။

တိုင်းရင်းသားလူမျိုးများ၏အမည်နာမရှေ့တွင် ဦး/ဒေါ် ထည့်သွင်းခေါ်ဆိုရခြင်းမှာ ရိုသေသောအားဖြင့်၊ လေးစားသောအားဖြင့် အရိုအသေပေးသည့်သဘောဖြစ်ပြီး နှိမ့်ချသောအားဖြင့် ခေါ်ဝေါ်ခြင်း မဟုတ်ကြောင်း ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်က မော်လမြိုင်တက္ကသိုလ်ဘက်စုံသုံးခန်းမမှာ ကျင်းပခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်ဒေသခံတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk မှာ မွန်တိုင်းရင်းသူ မိလေးငွေက မွန်တိုင်းရင်းသားအမည်ရှေ့တွင် ဦး/ဒေါ် မတပ်ခေါ်စေလိုသည့်အပေါ် အတိုင်ပင်ခံက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly