အခြေခံ စပါးဈေးနှုန်း လာမည့် အောက်တိုဘာလအတွင်း ကြေညာမည်

အခြေခံ စပါးဈေးနှုန်း လာမည့် အောက်တိုဘာလအတွင်း ကြေညာမည်
 (ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(စက်တင်ဘာ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။  ယခုနှစ်အတွက် အခြေခံ စပါးဈေးနှုန်းကို လာမည့် အောက်တိုဘာလဝက် မတိုင်ခင် ကြေညာ ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ထုတ်မပြောသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ကလည်း ပြောခွင့် မရှိဘူး။ ဦးဆောင်အဖွဲ့ကနေပြီးတော့ ကြေညာ မှာ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီးက ပြောသည်။

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၄ရက်က သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ တက်ရောက်သည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ အစည်းအဝေးအပြီးတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လယ်သမားများ၊ ကုန်သည်လုပ်ငန်းရှင်များအတွက် အကျိုးရှိမည့် အခြေခံ စပါးဈေးနှုန်း သတ်မှတ်မည် ဖြစ်သော်လည်း ယင်းဈေးနှုန်းအပေါ် ကျေနပ်မှုရှိ၊ မရှိမှာ တစ်ဦးချင်းအပေါ် မူတည်သည်ဟု ဒုဝန်ကြီးက ဆိုသည်။

“တစ်ချို့ အထူးကိစ္စလေးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- ဆန်၊ စပါး စျေးနှုန်းက အရည်အသွေးက သိပ်မကောင်းဘူး ဆိုလို့ရှိရင်တော့ စျေးက သိပ်ကောင်းမှာမဟုတ်ပါဘူး။ အခုသတ်မှတ်တဲ့စျေးက စျေးနှုန်းမဟုတ်ပါဘူး။ အခြေခံစျေးပါပဲ။ စျေးနှုန်းက စျေးကွက်မှာ ဒီထက်ကိုပိုပြီးတော့ မြင့်မြင့်မား ရရှိဖို့ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

နွေစပါးနှင့် မိုးစပါး ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ကွာခြားမှုရှိသည့်အတွက် အခြေခံ စပါးဈေးနှုန်း သတ်မှတ်ရာတွင် ခွဲခြားသတ်မှတ်ရန်လည်း စီစဉ်ထားသည်။

အခြေခံစပါးဈေးနှုန်း သတ်မှတ်ရေးကိစ္စသည် နိုင်ငံရေးအရ ထိလွယ်၊ ရှလွယ် ကိစ္စဖြစ်သည့်အတွက် ဆန္ဒပြမှုများလည်း ဖြစ်လာနိုင်ပြီး ယနေ့ အစည်းအဝေးမတိုင်ခင် အချို့ဒေသများတွင် စပါးတင်းတစ်ရာလျှင် ငွေကျပ် ခုနှစ်သိန်းအထက် ရရှိရေး ဆန္ဒပြမှုများလည်းရှိခဲ့သည်ဟု ဒုဝန်ကြီးက ပြောသည်။

ယခုနှစ် အသစ်သတ်မှတ်မည့် အခြေခံ စပါးဈေးနှုန်းနှင့်ပတ်သက်၍  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးတင်းတစ်ရာလျှင် ကျပ်လေးသိန်းရှစ်သောင်း၊ ကျပ်ငါးသိန်းနှင့် ကျပ်ငါးသိန်းနှစ်သောင်း ဟူ၍ သုံးမျိုးခွဲကာ အစိုးရထံ တင်ပြထားသည်။

ယခုကဲ့သို့ အခြေခံစပါးဈေးနှုန်း သတ်မှတ်ခြင်းသည် တောင်သူလယ်သမားများ မိုးစပါးနှင့် နွေစပါးပေါ်ချိန်တွင် ဈေးနှိမ်မခံရစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ပြည်ပသို့ ပို့နေသည့် ဆန်ဈေးနှုန်းများ ကျဆင်းလျှင် စပါးအတိုင်း သတ်မှတ်သည့် တန်ချိန်၊ သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ရန် ဆွေးနွေးထားသည်ဟုလည်း ဒုဝန်ကြီးက ဆိုသည်။

“အထူး အစီအစဉ်တစ်ရပ်အနေနဲ့ ဒီနှစ်မှာ ကျွန်တေ်ာတို့ ဆန်လက်ကျန်တွေများနေတဲ့အတွက်ကြောင့်မို့လို့ စပါးကို စပါးအတိုင်း တင်ပို့ခွင့်ပြုဖို့ Recommend လုပ်မယ်” ဟု ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် အခြေခံစပါးဈေးနှုန်းကို နွေစပါး၊ မိုးစပါး မခွဲခြားဘဲ စပါးတင်း တစ်ရာလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် သတ်မှတ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags