ရော်နယ်လ်ဒို မတက်ရောက်ခဲ့တဲ့ မီလန်အခမ်းအနားမှာ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီ

ရော်နယ်လ်ဒို မတက်ရောက်ခဲ့တဲ့ မီလန်အခမ်းအနားမှာ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီ
Photos: EPA

လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့က အီတလီနိုင်ငံ၊ မီလန်မြို့ရဲ့ အထင်ကရ La Scala Opera House မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်လာခြင်းမရှိခဲ့တဲ့ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ဖီဖာရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီရဲ့အောင်မြင်မှုက ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက် သြဂုတ်လက ဥရောပအကောင်းဆုံးဆုရရှိခဲ့တဲ့ ဗန်ဒိုက်ကို ကျော်ဖြတ်ပြနိုင်ခဲ့တာကတော့ အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာလည်း ဒီဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဆုပေးပွဲအခမ်းအနားကိုတော့ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီပွဲကို နှစ်နှစ်ဆက် မတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံးအသင်း (FIFA's World 11)မှာ ပါဝင်ခဲ့ပါတယ်။

အခုဆိုရင် အသက် (၃၂)နှစ် မက်ဆီနဲ့ အသက် (၂၈)နှစ် ဗန်ဒိုက်တို့နှစ်ဦးလုံးဟာ ဒီဇင်ဘာ (၂)ရက်နေ့မှာ ကြေညာသွားမယ့် ဘလွန်းဒီအော်ဆုအတွက် ရေပန်းစားနေပါတယ်။

"အခုလိုမျိုး အသိအမှတ်ပြုပြီး ကျနော့်ကို ပေးအပ်ဖို့ ဆုံးဖြတ်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။"လို့ မက်ဆီက
ပြောပါတယ်။

"ကျနော့်အတွက် အရေးကြီးဆုံးအရာက ဆုတွေကို ရယူစုဆောင်းဖို့ပါ။ ဒါပေမယ့် ဒီကနေ့ဟာ ကျနော့်အတွက် အထူးပဲ ကောင်းမွန်တဲ့ ညခင်းတစ်ခုလည်းဖြစ်ပါတယ်။"

၂၀၁၆ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ ဖီဖာ The Best ဆုကို မက်ဆီက ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးတာပါ။ ရော်နယ်ဒိုကတော့ ဒီဆုကို ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ရယူခဲ့ပြီး ပြီးခဲ့တဲ့နှစ်က မိုဒရစ်က ဆွတ်ခူးခဲ့ပါတယ်။

မက်ဆီဟာ ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကြောင့် ဘာစီလိုအသင်း ပြိုင်ပွဲမှ ထွက်ခွားမသွားခင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ (၁၂)ဂိုးသွင်းယူပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား၊ အာဂျင်တီးနားနဲ့ ၂၀၁၉ ကိုပါအမေရိကမှာ တတိယဆုရယူခဲ့ပြီးနောက် လာလီဂါသွင်းဂိုး (၃၆)ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုကို ရယူခဲ့သူလည်းဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကိုတော့ ကြိုတင်ရေပန်းစားခဲ့တဲ့အတိုင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဆွတ်ခူးခဲ့ပါတယ်။ ကလော့ပ်က ဂွာဒီယိုလာ၊ ပိုချက်တီနိုတို့ကို ကျော်ဖြတ်ပြီး ရယူခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုကိုလည်း လီဗာပူးလ်အသင်းမှ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်က ရရှိခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံအမျိုးသမီးဘောလုံးသမားဆုကိုတော့ အမေရိကန်ကစားသမား ရက်ပီးနိုးက ရရှိခဲ့ပြီး အမျိုးသမီးနည်းပြဆုကိုလည်း အမေရိကန်နည်ပြ ဂျီးလ်အဲလစ်က ရရှိခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly