မြောင်မြို့နယ်အတွင်းရှိ ရှေးဟောင်းနှီးဘုရားတစ်ဆူ ပျောက်ဆုံးမှု ဖြစ်ပွား

မြောင်မြို့နယ်အတွင်းရှိ ရှေးဟောင်းနှီးဘုရားတစ်ဆူ ပျောက်ဆုံးမှု ဖြစ်ပွား

စစ်ကိုင်း၊ စက်တင်ဘာ ၂၄ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့မြောက်ရပ်ကွက် မြောင်ရဲစခန်းအနီးရှိ လေးကျွန်းရန်အောင် ဆုတောင်းပြည့်ဘုရားကြီးအတွင်း ရှေးဟောင်းနှီးဘုရားတစ်ဆူ ပျောက်ဆုံးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ နှီးဘုရားကို သံတံခါးနှစ်ထပ်ပိတ်ထားကာ ရွှေချထားပြီး စက်တင်ဘာ ၂၃ ရက် ညနေ့ပိုင်း၌ ပျောက်ဆုံး နေသည်ကို သိရှိခဲ့ရကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

" အခုလိုပျောက်သွားတာ စိတ်မကောင်းဘူး။ ကိုယ့်မြို့အတွက်လည်း သိက္ခာကျပါတယ်။ ဒီဘုရားကို ရပ်ကွက်က အကုန်စုပေါင်းပြီး ဘုရားပွဲပြန်လုပ်တာလဲ မကြာသေးဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဂေါပကအဖွဲ့အဝင်တစ်ဦးပါပဲ။ သော့က ကျွန်တော့လက်ထဲမှာ ခရီးပြန်လာတဲ့ ဘုရားအမက လာဖူးတော့မှ ပျောက်မှန်းသိတာ” ဟု ဘုရားတကာ ဦးတင်အောင်စိုးမှ မဇျ္စိမသို့ ပြောသည်။

ဘုရားပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဘုရားတကာမှ ဂေါပကအဖွဲ့ဝင်များ၊ဆရာတော်ကြီးများနှင့် တိုင်ပင်ကာ မြောင်ရဲစခန်းသို့ အသိပေးအကြောင်းထားပြီး စုံစမ်းနေဆဲဖြစ်သည့်အတွက် အမှုရေးဖွင့်ခြင်းမရှိသေးကြောင်း သိရသည်။

"ဘုရားက ပျောက်တာမဟုတ်ပါဘူး ပင့်သွားတာပါ။ ဖြစ်စဉ်ကအမှန်မဟုတ်သေးပါဘူး။ အခုဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျမပြောနိုင်သေးပါဘူး” ဟု မြောင်မြို့ရဲစခန်းစခန်းမှူးက မဇျ္စိမသို့ ပြောသည်။
မြောင်မြို့တွင် အလောင်းစည်သူမင်းမှ ဖောင်တော်ဦးဘုရား၊ဝမ်းလှဘုရားနှင့်ပဲ့ဘုရား စသည့် ဘုရားသုံးဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ယခုပျောက်ဆုံးသွားသည့် နှီးဘုရားမှာ ဖောင်တော်ဦးဘုရားအတွင်းရှိ အရံစေတီမှ နှစ်စဉ် ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၁၀ စုနှစ်ကျော် ဘုရားခိုးဂိုဏ်းများသောင်းကျန်းစဉ်အချိန်ကလည်း မြောင်မြို့အတွင်းရှိ ရှေးဟောင်း နှီးဘုရား နှစ်ဆူအခိုးခံခဲ့ရပြီး တစ်ဆူမှာ ခေါင်းဖြတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required