နှစ်ဖက်အပြန်အလှန်ဖြေရှင်းမှုတွေနဲ့ လူစိတ်ဝင်စားမှုမြင့်မားလာတဲ့ ဆရာက တပည့်ကိုရိုက်လို့ မိဘက ဆရာကို ပြန်ရိုက်တဲ့ကိစ္စ

နှစ်ဖက်အပြန်အလှန်ဖြေရှင်းမှုတွေနဲ့ လူစိတ်ဝင်စားမှုမြင့်မားလာတဲ့ ဆရာက တပည့်ကိုရိုက်လို့ မိဘက ဆရာကို ပြန်ရိုက်တဲ့ကိစ္စ
(ဓာတ်ပုံ-ကိုကိုအောင်/မဇ္ဈိမ)

ဆရာက တပည့်ကို ရိုက်ဆုံးမတာကို မကျေနပ်လို့ မိဘက ဆရာကို ပြန်ရိုက်တယ်ဆိုတဲ့ CCTV ဗီဒီယိုမှတ်တမ်း ဖိုင်လေးဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လို့လာပါတယ်။

အရိုက်ခံရတယ်ဆိုတဲ့ ကျောင်းသူလေးရဲ့ အဖေနဲ့ အမေက ရိုက်တယ်ဆိုတဲ့ ကျောင်းဆရာကို စားပွဲပေါ်က အရာ ဝတ္ထုတစ်ချို့နဲ့ ထုပေါက်ခဲ့သလို ဆွဲလား ရမ်းလားလည်းဖြစ်ခဲ့ပါတယ်။အဲဒီ ရုပ်သံ ဖိုင်လေးကို ကြည့်ပြီး ကျောင်းသူ လေးရဲ့ မိဘနှစ်ဦးကို အပြင်းအထန်ဝေဖန်မှုတွေရှိလာပါတယ်။

သမီးဇောနဲ့ ဆရာကို ထုပေါက်မိတယ်လို့ ကျောင်းသူလေး မိဘက ဝန်ခံပါတယ်။ရိုက်နှက်ဆုံးမရုံနဲ့ အခုလို ဆရာကို ပြန်မလုပ်ပါဘူး။သမီးကို မဖွယ်မရာ ပြုလုပ်တဲ့အတွက် အခုလို သမီးဇောနဲ့ ပြန်လုပ်မိတာလို့လည်းဆိုပါတယ်။

သမီးရဲ့ တိုင်ကြားမှုကြောင့် ကျောင်းကိုလိုက်သွားပြီး ဆရာနဲ့ သွားရောက်ညှိနှိုင်းရာမှာတော့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး အခုလို အခြေအနေထိ ဖြစ်ပွားလာခြင်းလည်းဖြစ်တယ်လို့ ကျောင်းသူမိဘက ဆိုပါတယ်။

"အဲဒီနေ့က ရုံးခန်းထဲမှာဖြေရှင်းတော့ ဆရာကြီးက ငါခေါ်ပေးမယ်။သိသင့်သလောက်သိပါတယ်။ လက်ရောက်တာကိုလဲ ငါတို့မြင်ပါတယ်တဲ့။ဒါပေမယ့် တို့ရဲ့အားနည်းချက်က CCTVက Resolution မကြည်တာရယ်။ညည်းသမီးကထောင့်မှာဖြစ်နေတဲ့အတွက် အစအဆုံးမမြင်ရဘူး။ဒါပေမယ့် ပုခုံးပေါ်လက်ရောက်သွားတာကိုတော့ ငါတို့မြင်ပါတယ်တဲ့။ဒါပေမယ့် ငါတို့လဲ ဆရာ့ဘက်ကနေ ဝင်မခံချင်ပေမယ့် သိပါတယ်။အဲ့စကားကို ပြောခဲ့ပါတယ်။ ဆရာကြီးကိုလဲ အချိန်မရွေးမေးလို့ရပါတယ်။မေတ္တာနဲ့ဘဲ ရှင်းလိုက်ပါ ငါခေါ်ထားတယ်။ လာပါလိမ့့်မယ်ဆိုပြီး အဲ့ဆရာ ရောက်လာပါတယ်။ကျွန်မတို့က ကောင်းကောင်းမွန်မွန်ပြောပါသေးတယ်။ပြီးတော့အဲဒီကျောင်းသူ ကိုလည်း မသိပါဘူး။လုပ်လဲမလုပ်ပါဘူးတဲ့။ အဲဒါ ပထမစကားပါ။ အဲဒီလို မလိမ်ပါနဲ့ ကျွန်မတို့ကလဲ အရှက်ကွဲခံပြီးတော့ လာ မရှင်းပါဘူး။ဒီတိုင်းလဲ ငြိမ်ခံမနေပါဘူး။ ကျွန်မသမီး နုနုထွတ်ထွတ်လေး ခုမှ စိတ်ဓာတ်တွေပျက်ပြားမခံနိုင်ပါဘူး။ ကျွန်မတို့ကရှင်းပေးရမယ့်တာဝန်ရှိလို့ ဆရာကြီးကို လာပြီးတော့အသိပေးတာပါ ဆိုတော့ အရှင်းမခံပါဘူး။

သူက (စွပ်စွဲခံထားရတဲ့ဆရာ)အဲ့တာဆိုရင် ကျွန်တော်က အသရေဖျက်မှုနဲ့ တရားစွဲပါမယ်တဲ့။စွဲပါလို့ ကျွန်မတို့ကလဲ အဲ့တာဆိုလဲ ကျွန်မတို့ဘက်က ဖြစ်တာလဲ ပြောရမှာဘဲဆိုတော့ စွပ်စွဲခံရတဲ့ဆရာကမဟုတ်ဘူး။ အခုရဲစခန်း သွားမယ်။ အမှတ် ၈ သွားမှာတဲ့။ ဒီလိုလုပ်လို့မရဘူး ဆိုတော့ အဲ့အချိန်မှာ ကျွန်မကစိတ်ကမထိန်းနိုင်တော့ အဲ့မှာရှိတဲ့ တစ်ရှူးဘူးနဲ့ ကောက်ပေါက်လိုက်ပါတယ်။ ကျွန်မလုပ်လိုက်ပါတယ်။ဒါပေမယ့် အဲ့အချိန်မှာ လုံးဝကိုစိတ်ကမထိန်းနိုင်ပါဘူး။အဲ့လိုကောက်ပေါက်ပြီးတော့ နှစ်ခါလောက် လုပ်လိုက်ပါတယ်။CCTVရှိမှန်းလဲ ကျွန်မ မသိပါဘူး။ သားသမီးဇောနဲ့ လုပ်ခဲ့တယ်။ ဘာမှကိုမမြင်တော့ဘူး။အမှန်တော့ သူသာတောင်းပန်ခဲ့ရင် ဖြစ်ဖြစ်မဖြစ်ဖြစ်ဟုတ်ကဲ့ပါ။ ကျွန်တော်တောင်းပန်ပါတယ်ဆိုရင် ကျွန်မတို့လှည့်ပြန်လာမှာပါ။ဘာမှလဲဆက်လုပ်ဖို့အစီစဉ်မရှိပါဘူး ။ ကိုယ့်သမီးအရှက်လဲ ထပ်မခွဲချင်ဘူး။ ကျောင်းအုပ်ကတော့ ဖြစ်ချင်တာပြောပါလို့ပြောပေမယ့်။ ဆရာတစ်ဦးက မမရယ် ဒီနှစ်တစ်နှစ်တော့ ဒီဆရာကို သင်ခွင့်ပေးပါတဲ့ ဆရာကြီးဘတ်ဂျက်အခြေအနေရော ဒီဆရာကိုအမ်းလိုက်ရမယ့်ဟာတွေရော ဆရာတို့ အမှုမလုပ်နဲ့ဆိုလို့ကျောင်းအတွက်ကိုထောက်ထားပြီး ကျွန်မအမှုမလုပ်ပါဘူး။ဒါပေမယ့် ကျွန်မသမီးလေး ဒီကျောင်းဆက်တက်ဖို့ရာအတွက် ဒီဆရာကို ရှိနေရင် ကျွန်မတို့ဘယ်လိုလွတ်ရမှာလည်းလို့။ ကျွန်မစိတ်လဲမချပါဘူး။"လို့ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီမှာ မီဒီယာစင်တာမှာ သတင်းထောက်တွေနဲ့တွေ့ဆုံပြီး ပြောခဲ့ပါတယ်။

ပြဿနာက စက်တင်ဘာလ ၁၂ရက်နေ့ကစတင်ဖြစ်ပွားခဲ့တာပါ။စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ ကျောင်းသူ မိဘရယ် ကျောင်းတည်ထောင်အုပ်ချုပ်သူရယ် စွပ်စွဲခံရတဲ့ ကျောင်းဆရာရယ် မျက်နှာချင်းဆိုင် ဖြေရှင်းခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံဖြေရှင်းတဲ့ CCTV မှတ်တမ်း ရုပ်သံက လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်။

ကျောင်းသူမိဘတွေကတော့ ကျောင်းရဲ့ CCTV မှတ်တမ်းကို ကိုးကားပြီး ကျောင်းဆရာဟာ ကျောင်းသူလေးကို မဖွယ်မရာ ပြုလုပ်တယ်လို့ စွပ်စွဲထားပါတယ်။စာသင်ခန်းအတွင်း စာသင်နေချိန်မှာ ကျောင်းဆရာက ကျောင်းသူရဲ့ ရင်ညွှန့်အထက်ပိုင်းအထိ အကျႌအတွင်းကနေ လက်နှိုက်ခဲ့တယ်လို့ ကျောင်းသူမိဘက ဆိုပါတယ်။

"သမီးသူငယ်ချင်းက ဒီဘက်မှာ၊ သမီးက ဟိုဘက်အဆုံးမှာ ဒီဘက်ကိုတော့ စာစစ်တာ ရိုးရိုးဘဲ စစ်သွားပါတယ်၊ စစ်သွားပြီးတဲ့အချိန်မှာ မီးမီးကိုစစ်မယ်ဆိုတော့ ( နောက်ဆုံးတန်းဆိုတော့ ) နောက်မှာလွတ်နေပါတယ်။လွတ်နေပြီးတော့ အနောက်မှာ ဂိုက်ဆရာမ နှစ်ယောက်ရှိပါတယ်။ ဂိုက်ဆရာမ နှစ်ယောက်ကလဲ သူတို့အလုပ်နဲ့သူတို့ရှုပ်နေတော့ ဒီဘက်ကိုကျောပေးထားတာ CCTVမှာ တွေ့ရပါတယ်။အဲဒီမှာ မီးမီးအနောက်ကိုပတ်လာပြီးတော့ စာမှားတယ် ထဆိုပြီးတော့ မီးမီးက မတ်တပ်ရပ်တယ်။ မတ်တပ်ရပ်တဲ့အခါ သမီးဆံပင်က တင်ပါးလောက်အရှည်ကြီး ဒါပေမယ့်မြှောက်စည်းထားတယ်။ အဲ့ဒီမြှောက်စည်းထားတာကို သူကဖယ်လိုက်တယ်တဲ့။ဖယ်ပြီးတော့ သူကလည်ပင်းကို ဒီလို ပွတ်နေတာ ပွတ်တော့ မီးမီးက ကြောက်ပြီးတော့ ဟို ရိုက်မယ်ထင်လို့ပေါ့။ အဲဒီလို။အဲဒီကနေပြီးတော့ ကော်လံထဲကနေ လက်နှိုက်ပြီးတော့ ဒီရှေ့ကိုရောက်လာပါတယ်။"လို့ ကျောင်းသူ မိခင်က CCTV မှတ်တမ်းကို ကိုးကားပြီး ပြောပါတယ်။

အဲဒီလို လုပ်ခဲ့တဲ့အတွက် တောင်ပန်ပေးရန် စက်တင်ဘာလ ၂၃ ရက်နေ့က ကျောင်းဆရာထံကို အကြောင်းစာ ပေးပို့ထားတယ်လို့သိရပါတယ်။ခုနှစ်ရက်အတွင်းမတောင်းပန်ရင် တရားစွဲဆိုသွားမယ်လို့လည်း ကျောင်းသူ မိဘကဆိုပါတယ်။

စွပ်စွဲခံထားရတဲ့ ကျောင်းဆရာဟာ မန္တလေးမြို့မှာ ကောင်းသတင်းနဲ့ ကျော်ကြားနေသလို သင်ကြားရေးမှာလည်း နာမည်ကြီးသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းလောက်မှာ စွပ်စွဲခံထားရတဲ့ ကျောင်းဆရာရဲ့ ငိုပြီးပြောတဲ့ အသံဖိုင်နဲ့ စွပ်စွဲ ခံထားရတဲ့ ကျောင်းဆရာရဲ့ တပည့်တွေ ပြောဆိုတဲ့ ရုပ်သံဖိုင်ဟာလည်း လူမှုကွန်ယက်ပေါ် တက်လာပါတယ်။
ပထမတက်လာတဲ့ အသံဖိုင်မှာတော့ ကျောင်းတည်ထောင်အုပ်ချုပ်တဲ့ဆရာနဲ့ ပြောဆိုထားတဲ့ ဖိုင်ပါ။ "ကျွန်တော်တကယ်ကို ဝမ်းနည်းလို့ မဆုံးဘူးဆရာရဲ့။ဆရာ ကျွန်တော့်ဘက်ကို နည်းနည်းလေးမှ ကာကွယ် မပေးဘူး။ကျွန်တော့်ဘက်ကို တရားမျှတမှု ရှာပေးစေချင်တာ ဆရာရဲ့။ဆရာ့ဘက်က ကျွန်တော့်အပေါ် တော်တော်ကို မျက်နှာလွှဲ ခဲပစ်နိုင်လွန်းတယ် ဆရာရယ်။"ဆိုတဲ့ နှစ်မိနစ်နီးပါး ရှိတဲ့ အသံဖိုင်ပါ။

ဒုတိယ ရုပ်သံဖိုင်လေးထဲမှာတော့"ဖြစ်တဲ့နေ့ကတည်းက ဆရာ ခေါင်းက တော်တော်နာနေတယ် ဆရာ။ သွေးတွေလည်း အများကြီးထွက်နေတယ်ဆရာ။ကျွန်တော် ဆေးရုံသွားမှာဖြစ်မယ်ဆရာဆိုတော့ သူက (ကျောင်းတည်ထောင်အုပ်ချုပ်တဲ့ဆရာ)မသွားပါနဲ့တဲ့ သူပြောတာက အဲလိုသွားလိုက်လို့ရှိရင် အမှုဖြစ်ရင် ကလေးတွေ စာမေးပွဲ မဖြေရရင် နစ်နာသွားလိမ့်မယ်ပေါ့။ ကျောင်းသား ၃၀၀ ရဲ့ မျက်နှာကိုထောက်ပြီး မင်း မသွားပါနဲ့ပေါ့။သူက အဲလိုမျိုးတားတယ်။သူ့စကားကို ကျွန်တော်နားထောင်ခဲ့တယ်။ဘယ်ရဲစခန်းမှ အမှု မဖွင့်ခဲ့ဘူး။"ဆိုတဲ့ လေးမိနစ်ကျော်ကြာတဲ့ ရုပ်သံဖိုင်ပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စွပ်စွဲ ခံရတဲ့ ကျောင်းဆရာနဲ့မဇ္ဈိမက တွေ့ရှိနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒါပေမယ့် ကျောင်းဆရာရဲ့ အစ်ကိုနဲ့ ယောက်ဖတော်စပ်သူနဲ့တော့ စွပ်စွဲခံထားရတဲ့ ကျောင်းဆရာရဲ့ နေအိမ်မှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

သူတို့ နှစ်ဦးပြောတာကတော့ "တစ်ဖက်ကဘယ်လိုဘဲစွပ်စွဲစွပ်စွဲ CCTV မှာ အကုန်လုံးသူ့ဟာနဲ့သူ ထင်ထင်ရှားရှား မြင်နေရတဲ့ဟာ၊ကျောင်းသူကျောင်းသားတွေကလဲ အကုန်လုံးဆရာ့ဘက်မှာ ရာခိုင်နှုန်းတော်တော်များများရှိနေကြတယ်။ အဲ့ဒီတော့ သူတို့ဟာသူတို့ဘယ်လိုဘဲ စွဲချက်တင်တင် ဘာလုပ်လုပ် ဒီဘက်က ဆရာ တောင်ထွက်စရာမလိုဘူး၊တပည့်တွေက သူ့ဟာနဲ့သူ ရှင်းသွားမှာပါ။ ကျွန်တော်တို့လဲ ဘာမှဒီလောက်ကြီးမသိဘူး ဆိုတော့ ကျောင်းစာသင်ခန်းအတွင်းရှိ ထိုင်တဲ့ကျောင်းသားတွေလောက်ပဲပိုသိမှာ၊ဒီလောက်များတဲ့ကျောင်းသားတွေ ကြားထဲမှာ ဆရာတစ်ယောက်က နှစ်ယောက်ကျော်ကို လှမ်းပြီးတော့ ပုပ်တယ်နှိုက်တယ် ပွတ်တယ်ဆိုတာ ဖြစ်နိုင်မလား။ ဘယ်ဦးနှောက်နဲ့တွေးတွေးမဖြစ်နိုင်ဘူး။ တဖက်မှ မည်ကဲ့သို့ပင် တရားစွဲစွဲ စွဲပုံစွဲနည်းကတော့ တရားရုံး အတိုင်း ကျွန်တော်တို့ကလည်း တိုင်ပင်ပြီးတော့ ပြန်လည်လုပ်ဆောင်မယ်။ ဒါပေမယ့် ဆရာ ဆန္ဒသည်သာ အရေးကြီးပါတယ်။ ဆရာသည် တပည့်စာတတ်ဖို့ရာအတွက် သူအသက်ပင် သေရင်သေပစေဆိုတဲ့ဆန္ဒမျိုး သူ့မှာရှိတယ်။ည တစ်နာရီလောက်မှာ မိန်းကလေးဘက်က အခုလိုအဖြစ်အပျက်တွေကို တင်တယ်။ တင်တဲ့အခါမှာ သူတို့ဘက်က တစ်ဖက်သတ်တင်တာပေါ့။ ဒါပေမယ့် တကယ်တမ်းသက်သေအထောက်အထားကကျတော့ ကျောင်းသားတွေလက်ထဲမှာရှိတာ၊ကျွန်တော်တို့လဲမသိဘူး။ ဘယ်သူမှမသိကြဘူး။ အခုပြောတဲ့ဆရာမလဲ မသိဘူး။ တကယ်တမ်းသိတာက သူ့ဘေးက ကလေးတွေနဲ့ လှည့်ကြည့်တဲ့ကျောင်းသားတွေပါ။တရားစွဲဆိုမယ်ဆိုတဲ့ အပေါ်မှာ ဘာများပြောချင်လဲဆိုတော့ ဆရာက ကာယကံရှင်ဖြစ်နေတယ်။ ကျွန်တော် သူ့အစ်ကိုတစ်ယောက်အနေနဲ့ ဆိုရင်တော့ ပြောင်းပြန်ဖြစ်နေပြီ။ မင်းတို့ရပ်တန်းကရပ်တော့ တကယ်တမ်းတရားစွဲရမှာက ကျွန်တော်တို့။ပြောင်းပြန်ဖြစ်နေပြီ။ အမှန်ဘက်က အားလုံးရပ်တည်ကြပါ။ကျောင်းတည်ထောင်အုပ်ချုပ်သူကိုလည်းပြောခဲ့ပါတယ် ။ဖုန်းနဲ့ဆရာ ကျောင်းသားတစ်ယောက်မျက်နှာကိုမကြည့်ပါနဲ့ ၊ဆရာ့ကျောင်းမှာရှိတဲ့ကျောင်းသားအားလုံးရဲ့မျက်နှာ ကိုကြည့်ပါ။"လို့ပြောပါတယ်။

လတ်တလောမှာတော့ စွပ်စွဲခံထားရတဲ့ဆရာဟာ ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ဒီဖြစ်စဉ်တွေအတွက် ကျောင်းတည်ထောင် အုပ်ချုပ်သူကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာတော့ "စွပ်စွဲခံထားရတဲ့ ဆရာဘက်ကလည်း ဖုန်းကိုဆက်လို့မရဘူး။ပျောက်နေတယ်။သူသင်လို့ရရင်ဆက်သင်ပေါ့။သင်လို့မရရင် ဆရာလဲသင်ပေါ့ ဒါပါဘဲ။CCTV အနေအထားကလဲဘာမှမပေါ်လွင်ဘူး။ပြတ်ပြတ်သားသားမမြင်ရဘူး။

ဒီဟာနဲ့ပတ်သက်ပြီးဘာမှမပြောချင်တော့ပါဘူး။ ကံဆိုးချိန်တန်လို့ ကံဆိုးတာလို့ဘဲတွက်ပါတယ်။ အထက်က (ပညာရေးဌာန) အမိန့်ချတဲ့အတိုင်းလုပ်ရုံပေါ့။"လို့ဖြေကြားခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားနေစဉ် ကျောင်းတည်ထောင်အုပ်ချုပ်သူက ဝင်ရောက်ဖြေရှင်းမှုတွေ လုပ်ဆောင်မပေးတာကြောင့် အခုလို ပြဿနာကြီးထွားလာရတာလို့လည်း ကိုယ်ပိုင်ကျောင်း အသိုင်းအဝိုင်းက ဝေဖန်တာတွေလည်းရှိပါတယ်။

"တည်ထောင်သူ အုပ်ချုပ်သူအနေနဲ့ ဖြေရှင်းပေးရမယ်။ဟုတ်တယ်ဆိုရင် ဟုတ်တဲ့အတိုင်း မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးဆိုတဲ့ အတိုင်းပေါ့။ဒါကို ဖြေရှင်းပေးရမယ်။"လို့ ကိုယ်ကျောင်းတစ်ကျောင်းမှ အုပ်ချုပ်သူကပြောပါတယ်။

မန္တလေးမှာ ဖြစ်နေတဲ့ ကျောင်းသူမိဘတွေ နဲ့ ကျောင်းဆရာတို့ရဲ့ ပြဿနာဟာ လက်ရှိမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ရှင်းလင်းမှုတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ လူစိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေ ပါတယ်။  ဒီဖြစ်စဉ်က ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့……ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly